Wednesday, April 20, 2016

စီးကရက်စွဲမြဲနေကြသူများ

''စီးကရက်စွဲမြဲနေကြသူများ'' ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲ အောင်ကျော်ညို(ဆင်ချဆိပ်) ကျွန်တော်တို့နိုင်ငံသာများ ဆေးလိပ်၊ ဆေးတံသောက်သုံးလာခဲ့ကြသည်မှာ သမိုင်းနှင့်ချီ၍ ကြာခဲ့ပါပြီ။ ဆေးလိပ်အထောက်အထားထက် ဆေး တံသောက် အထောက်အထားများကို ရှေးဟောင်းမြို့များတူးဖော်ရာတွင် အများအပြားတွေ့လာရသည်။ အထူးသဖြင့် မြေသွားဆေးတံများ၊ မိမိတို့နိုင်ငံ၏ အစောဆုံးပဒေသရာဇ်နိုင်ငံများဖြစ်ကြသည့် ပျူတို့၏ သရေခေတ္တရာ၊ရခိုင်တို့၏ ဝေသာလီမြို့ဟောင်းမြေကြီးအောက် တွင် တွေ့လာရခြင်း။ ''ဆေးတံတို တညှိုလောက်၊ ရော့သောက်တော့ပေး---''အစချီ ကျေးလက်တေးလင်္ကာသည်လည်း ဆေးတံကို ကျေးလက်လူငယ်တို့ စွဲမြဲသောက်သုံးခဲ့ကြောင်း သမိုင်းအထောက်အထားတစ်ရပ်ပင် ဖြစ်ပါသည်။ မျက်မှောက်ကာလတွင် ဆေးတံသောက်ယဉ်ကျေးမှုကွယ်ပျောက်သလောက်ဖြစ်သွားပါပြီ။ ယင်းနေရာတွင် ဆေးလိပ်က အစားဝင်ရောက်နေရာ ယူလာနေသည်။ အထူးသဖြင့် စီးကရက်များ။ ယင်းအပြင် ဒေသ ထွက်ပြောင်းဖူးဖက်ဆေးလိပ်များ၊ သနပ်ဖက်ဆေးလိပ် များ၊ ဆေးသား လိပ်၊ ဆေးပြင်းလိပ်များ၊ တချို့ဒေသများတွင် သတင်းစာစက္ကူတွင် ဆေး ထည့်ပြီး ဆေးလိပ်သောက်နေကြသူများလည်းရှိနေသည်။ လက်လှမ်းမီရာ ပုံစံအမျိုးမျိုးနှင့် ဆေးလိပ်စွဲမြဲနေကြသူများ။ ဤသို့ဖြင့် ဆေးလိပ်သောက်ခြင်း သည် အစဉ်အလားအားဖြင့် အခြေခိုင်မာအမြစ်တွယ်ကာ မိမိတို့နိုင်ငံသား များအတွက် ယဉ်ကျေးမှုတစ်ခုလိုဖြစ်တည်နေခဲ့ပြီ။ မျက်မှောက်ကာလတွင် နည်းပညာ၏ကျေးဇူးကြောင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆေးလိပ်အန္တရာယ်ကို သိနေကြပြီးလည်း ဆေးလိပ်သောက်မှုကိုကား မပျောက်ဖျက်နိုင်ကြသေး။ ''တစ်ခါတစ်ရံမှာ စိတ်ကသိနှင့်ပြီးသား အရာကို သင့်နှလုံးသားက လက်ခံဖို့အချိန် ပိုပြီးလိုအပ်ပါတယ်။ ဟင်နရီဂျိမ်း၏ မှတ်ချက်ပေးစကားကို အချိန်နှင့်ကုရမည့်ဝေဒနာ အထူးသဖြင့် သက်ကြီးရွယ်အိုများ။ ထမင်း တစ်နပ်မစားရနေနိုင်သည်။ ဆေးလိပ်မသောက်ရ မနေ နိုင်။ ခံတွင်းချဉ်လာသည်ဆိုပြီး ဆေးလိပ်ဘူးကို ကိုယ်နှင့်မကွာ ရှိနေကြသည်။ ဆေးလိပ်၏ စွဲမြဲဂုဏ်သတ္တိတစ်ရပ်ဟုဆိုရမည်။ ဆေးလိပ်ကို ကွယ်လွန်ချိန် အထိ စွဲမြဲသောက်သုံးသွားခဲ့သူ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးနှစ်ဦး ဖတ်မှတ်ဖူး ပါသည်။ အာရှတိုက်သားများဖြစ်ကြသည့် တရုတ်ခေါင်းဆောင် ကြီး မော်စီတုံးနှင့် ဗီယက်နမ်မျိုးချစ်ခေါင်းဆောင် ဟိုချီမင်းတို့ဖြစ်ကြသည်။ ယခုလည်း ဆေးလိပ်သမားဆရာကြီးနှစ်ဦးနှင့် အကြောင်းဆုံလာခဲ့ရသည်။ သတင်းစာတိုက်တစ်ခုတွင်ဝင်လုပ်ဖြစ်ခဲ့စဉ် အသက် ၇၆ နှစ်အရွယ် ကာတွန်းဆရာကြီးတစ်ဦးနှင့် ရင်းနှီးခွင့်ရခဲ့သည်။ လက်ဖက်ရည်ဆိုင် မကြာမကြာထိုင်ဖြစ်သည်။ ထိုင်လိုက်ပြီဆိုသည်နှင့် အသင့်ပါလာသည့် စီးကရက်ဘူးကို ဖောက်သောက်ပါတော့သည်။ မြင်တွေ့ရသည့် ကျွန်တော့်မှာ တအံ့တသြနှင့်။ 'မအံ့သြနဲ့၊ ကျွန်တော်ဆေးလိပ်သောက် လာတာကြာပြီ။ ဘာမှမဖြစ်ဘူး။ ဆေးလိပ်သောက်တတ်ဖို့သာ လိုတယ်'' ပေါ့ပေါ့ပါးပါး ဆရာကြီး၏ စကား။ နောက်ထပ်တစ်ဦးကား ရန်ကုန်လမ်း ၄ဝ နှင့် ကုန်သည်လမ်းထောင့်မှာ ရှိသော'လေအံကုန်း'မှာ သွားထိုင်ရင်းတွေ့လာရခြင်း။ ကာတွန်းဆရာ ကြီးကဲ့သို့ပင် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီဆိုသည်နှင့် စီးကရက်ဖွာပြီး။ အသက် ၈ဝ ကျော်ပြီးလည်း ကျန်းမာရေးကောင်းနေတုန်း။ စီးကရက် မသောက်သူ ကျွန်တော့်အတွက်ကား မြင်ကွင်း မလှမပ အကျည်းတန် လွန်းနေသည်။ ဆရာကြီးကား အပြုံးမပျက်။ ဘာမှမပြော။ ဆရာကြီးနှင့် စီးကရက်အကြောင်း တစ်နေ့ရေးဖြစ်မည်ပြောတော့လည်း စကားမပြန် ပြုံးမြဲပြုံးလျက်။ စီးကရက်ကို အဆိပ်ဟု တင်စားကာ စီးကရက်သမားများကို ''သေချင်းဆိုးများ'' ဟုပင် ရင့်ရင့်သီးသီးသုံးနှုန်းခဲ့သူ စေတနာရှင် စာရေး ဆရာကြီး တစ်ဦးရှိခဲ့ဖူးသည်။ စီးကရက်ကို ကိုယ်တိုင်သောက်မှမဟုတ်ပါ။ အငွေ့ကို တစ်ဆင့်ခံရှု ရှိုက်မိရုံနှင့် ဝေဒနာထပ်တူ ခံစားကြ ရာရာ၊ ကောင်းကျိုးမပေး မူးယစ်ဆေးပင်ဖြစ်သည်။ သို့သော် ယခုတွေ့နေ ရသူ ဖိုးသက်ရှည်ဆရာကြီးနှစ်ဦးမှာ အသက်ရှည်ကြာ အနာကင်း မဲ့ဖြစ်နေခြင်းမှာ အဘယ်ကြောင့်နည်း။ ကာတွန်းဆရာကြီးက သူစီးကရက်သောက်လျှင် ''ဖွာရုံဖွာသည် မရှိုက်ပါ'' ဟု မိန့်ကြားဖူးသည်။ စီးကရက်ပုံမှန်သောက်နေသူ တစ်ဦး၏ နည်းနာတစ်ခု စီးကရက်ပုံမှန်သောက်နေပါလျက် အသက်ရှည်ကြာ အနာကင်းမဲ့ရှိနေနိုင် ခြင်းသည် သောက်တတ်ပါက ''ဆေး'' မဖြစ်သည့်တိုင် ''ဘေး'' မဖြစ်နိုင် ဟု ကောက်ချက်ချရမလို ဖြစ်နေသည်။ မည်သို့ဆိုစေ စီးကရက်၏ ဆိုးပြစ်အထွေထွေကို ပညာရှင်များက ဖော်ပြ သတိပေးထားပြီးဖြစ်ရာ မိမိတို့လိုက်နာနိုင်ကြရပါမည်။ မလိုက်နာပါက ကြုံတွေ့လားရမည့် အန္တရာယ်များမှာ မည်သူမပြုမိမိမှုမို့ ကိုယ်ပြုသည့်ကံ ကိုယ်ခံရရုံမက ဘေးပတ်ဝန်းကျင်ကိုပါ ဒုက္ခဖြစ်စေပြန်ရာ အသိသတိဖြင့် ထပ်တူကျ ဆင်ခြင်နိုင်ကြပါစေ။ ။

No comments: