ကလေးများကိုလုပ်ငန်းခွင်တွင်ခိုင်းစေပါက ထောင်ဒဏ်နှင့်ငွေဒဏ်သိန်းတစ်ရာ ချမှတ်နိုင်သောဥပဒေကြမ်းအတည်ပြု
နေပြည်တော်၊ဒီဇင်ဘာ၃
ကလေးသူငယ်များကိုလုပ်ငန်းခွင်အတွင်း ခိုင်းစေပါကထောင်ဒဏ်နှင့်ငွေဒဏ်သိန်းတစ်ရာချမှတ်နိုင်သောဥပဒေကြမ်းတစ်ရပ်ကို အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောကြားသည်။
ဆိုင်များနှင့်အလုပ်ဌာနဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့တင်သွင်းရာတွင် သက်ငယ်ကလေးများအား ဆိုင်များ၊အလုပ်ဌာနများတွင် ခိုင်းစေပါက အလုပ်ရှင်အားထောင်ဒဏ်၆လဖြစ်စေ၊
ငွေဒဏ်ကျပ်သိန်းတစ်ရာဖြစ်စေ၊ပြစ်ဒဏ်နှစ်မျိုးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ရန် ယနေ့ (ဒီဇင်ဘာ၃) ရက် အမျိုးသားလွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်း၏ ပုဒ်မ-၁၄(က) တွင် အသက်၁၄နှစ်မပြည့်သေးသော မည်သူကိုမဆိုဆိုင်တစ်ခု၌ဖြစ်စေ၊အလုပ်ဌာနတစ်ခု၌ဖြစ်စေအလုပ်မလုပ်စေရ သို့မဟုတ်လုပ်ခွင့်မပြုရဟု ဖော်ပြပါရှိပြီး မည်သည့်အလုပ်ရှင်မဆို ထိုတားမြစ်ချက်အားဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူသည်၆လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊အနည်းဆုံးကျပ်သိန်း၅၀မှအများဆုံးကျပ်သိန်း၁၀၀အထိဒဏ်ငွေဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်မည်ဟုပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ယင်းအပြင်ပုဒ်မ၁၄(ခ) ၌အသက်၁၆ နှစ်မပြည့်သေးသူအား ဆိုင်သို့မဟုတ်အလုပ်ဌာနတစ်ခုခု၌ သတ်မှတ်အလုပ်ချိန်ထက်ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုရန်၊အသက်၁၄နှစ်ပြည့်ပြီး အသက်၁၆နှစ်မပြည့်သေးသည့် မည်သူကိုမျှ ည၆နာရီမှနံနက်၆နာရီအချိန်အတွင်း မခိုင်းစေရသို့မဟုတ်အလုပ်မလုပ်စေရဟုလည်းကောင်း အဆိုပါဥပဒေကြမ်းတွင်ပါရှိသည်။
ကလေးငယ်များကိုအလုပ်လုပ်ရန်သင့်တော်ကြောင်း တာဝန်ခံဆရာဝန်၏ခွင့်ပြုချက်ရယူမှသာ အလုပ်လုပ်ကိုင်စေနိုင်သည်ဟု ယင်းဥပဒေတွင်ပြဌာန်းထားသည်။
ဆိုင်များနှင့်အလုပ်ဌာနဥပဒေကြမ်းတွင်အလုပ်သမားတစ်ဦးဦးကို မည်သည့်နေ့ရက်၌မဆိုအနည်းဆုံးမိနစ်၃၀အနားမပေးဘဲ တစ်ဆက်တည်း၎နာရီအလုပ်မခိုင်းစေရန်နှင့် အချိန်ပိုနှင့်နားချိန်အပါအဝင်တစ်ရက်လျှင်၁၁နာရီထက်မပိုစေရဟု ပြဋ္ဌာန်းထားပြီးမည်သည့်အလုပ်ရှင်မဆိုထားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို၃လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊အနည်းဆုံးကျပ် ၁၀သိန်းမှအများဆုံးကျပ်သိန်း၃၀အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟုပြဋ္ဌာန်းထားသည်။
No comments:
Post a Comment