အရှုံးကိုလက်မခံနိုင်လို့ အားလုံးကိုတရားလိုက်စွဲတဲ့ ဝန်ကြီးအုန်းမြင့်
……………………………………………………………
အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးနှင့် အဖွဲ့ အပါအ၀င် မဲရုံစောင့် ဆရာ၊ ဆရာမများ၊ ကော်မရှင် အဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ကိုယ်စားလှယ်က အမှုဖွင့်ထားသည့်ဖြစ်စဉ် ၁၈ မှုအထိ ရှိဟုဆို
============================
ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးနှင့် အဖွဲ့ အပါအ၀င် မဲရုံစောင့် ဆရာ၊ ဆရာမများ၊ ကော်မရှင် အဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ် တစ်ဦးတည်းက အမှုဖွင့်ထားသည့်ဖြစ်စဉ် ၁၈ မှုအထိ ရှိလာကြောင်း ကျောက်တန်းမြို့နယ် NLD အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ် တစ်ဦးတည်းက အမှုဖွင့်ထားသည့် အမှုများတွင် အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးနှင့် အဖွဲ့အား လမ်းပိတ်ဆို့မှုဖြင့် လည်းကောင်း၊ အခြားအမှုများတွင် မဲရုံအတွင်း ပေါင်မုန့်နှင့် ရေများပေးဝေ မဲဆွယ်သည်ဟူ၍ လည်းကောင်း၊ တံဆိပ်တုံး ထုရာတွင် နာနာထုဟု အော်ပြော၍ ထုလိုက်မှုကြောင့် ကြံ့ခိုင်ရေးပယ်မဲများ ဖြစ်ရကြောင်း စသည်တို့ဖြင့် မဲရုံစောင့် ဆရာ၊ ဆရာမများနှင့် ကော်မရှင် အဖွဲ့ဝင်များအား အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ကြံ့ခိုင်ရေးဘက်ကနေတိုင်တဲ့ အမှုက ၁၈ မှုတောင် ရှိပါတယ်။ ၁၈ မှုဆိုတာ ရွာတွေဘက်မှာရော၊ NLD အဖွဲ့တင် မဟုတ်ဘူး။ ပြည်သူတွေလည်း ပါတယ်။ ဆရာ၊ ဆရာမတွေလည်း ပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေလည်း ပါတယ်။ တာဝန်ဝတ္တရား နှောင့်ယှက်မှုတွေရော အများကြီးပဲ အမှုတွေက။ ဦးအုန်းမြင့် ကိုယ်စားလှယ် တစ်ယောက်တည်းက စွဲထားတာပါ။ စွဲထားတာက မဲရုံအတွင်း မဲဆွယ်တယ်တို့၊ မဲရုံထဲမှာ ရေသန့်ဘူးတို့ ပေါင်မုန့်တို့ ဝေတယ် ဆိုတာကို မဲဆွယ်ပါတယ် ဆိုပြီး စွဲပါတယ်။ နောက်တစ်ခုက တံဆိပ်တုံး ထုတာက နာနာထုလို့ အပြင်ကနေ အော်ပြောလို့ ထုလိုက်လို့ ကြံ့ခိုင်ရေးက ပယ်မဲတွေ များရပါတယ်ဆိုပြီး အမှုဖွင့်တယ်။ အမှုတွေက အဲဒီလို သေးသေးလေးတွေ ၁၈ ခုလောက် ရှိပါတယ်” ဟု ကျောက်တန်းမြို့နယ် NLD အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။
ဆက်လက်ပြီး ဒေါ်အေးမြမြမျိုးက “အစ်မကို စွဲတဲ့အမှုက လမ်းပိတ်ဆို့တယ်ဆိုပြီး အစ်မနာမည်နှင့် တပ်စွဲတာပါ။ အစ်မကို တိုင်ထားတဲ့ အမှုက ရဲစခန်းကို တိုင်ထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ ခုထိခေါ်လည်း မစစ်သေးပါဘူး။ ကြာဦးမယ်လို့ပြောတယ်။ တခြားစွဲထားတဲ့ သူတွေကို တဖြည်းဖြည်းတော့ ခေါ်စစ်နေပါတယ်။ စစ်ချက်ယူတာပေါ့။ ရဲကိုတိုင်တော့ ရဲကနေပြီးတော့ စစ်ချက်ယူထားတဲ့ သဘောလောက်ပဲ ရှိပါတယ်။ စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ အစ်မတို့ အဖွဲ့ကလည်း တာဝန်ယူပေးတယ်။ ဥပဒေ အထောက်အကူပြု အဖွဲ့ကိုလည်း Report လုပ်ထားတယ်။ အစ်မရဲ့ ရှေ့နေကလည်း စီစဉ်ထားတယ်။ အမှုဖွင့်ထားမှုကိုလည်း ဥပဒေကြောင်းအရ ပြန်လည် ရင်ဆိုင်သွားမှာပါ” ဟု ပြောကြားသည်။
ကျောက်တန်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ၄၅၀၆၅ ရရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်က ၃၄၄၉၆ မဲ ရရှိခဲ့သဖြင့် မဲတစ်သောင်းကျော် အသာရကာ ဒေါ်အေးမြမြမျိုးက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment