Thursday, December 3, 2015
၁၉၈၈ နောက်ပိုင်း တပ်မတော်ဟာ ... တပ်တွေ အများကြီး တိုးချဲ့ ခဲ့တယ် ။ အဲဒီတပ်တွေဟာ ... တိုင်းပြည်ရဲ့  ဟိုးအရင့်အရင် ဘယ်တုန်းကမှ ... အစိုးရရဲ့ အာဏာစက် မလွှမ်းမိုးတဲ့  နေရာတွေမှာ ... သွားပြီး အခြေပြုရတာဖြစ်တယ် ...
၁၉၈၈ နောက်ပိုင်း တပ်မတော်ဟာ ...
တပ်တွေ အများကြီး တိုးချဲ့ ခဲ့တယ် ။
အဲဒီတပ်တွေဟာ ...
တိုင်းပြည်ရဲ့ ဟိုးအရင့်အရင် ဘယ်တုန်းကမှ ...
သွားပြီး အခြေပြုရတာဖြစ်တယ် ...
ကျွန်တော်ကိုယ်တိုင် ...
အဲဒီတပ်အသစ်တစ်ခုမှာ ...
မြေထိုးမြေညှိ လုပ်ငန်းကစပြီး ...
အဆောက်အဦ ဆောက်တာအဆုံး ...
ပါဝင်ခဲ့ရဖူးတယ် ...
အဲဒီ ကနဦးလူတွေရဲ့ ဒုက္ခတွေဟာ ...
ပြောမဆုံးအောင် တောသုံးထောင်ပါပဲ ...
ဥပမာတစ်ခုပြောရရင် ...
၂၀၀၀ ပြည့်နှစ်ရဲ့ နေ့ လည်ခင်းတစ်ခုမှာ ...
ခလရ ၁၂၉ ( ညံခွမ်း) က
တပ်ကြပ်ကြီးစာရေးတစ်ယောက်ဟာ ...
တစ်ယောက်တည်း ဆင်းသွားခဲ့ဖူးတယ် ...
သူဟာ ဘယ်တော့မှ
လောက်ကိုင်ကို ရောက်မလာခဲ့တော့ဘူုး ...
သူ့ အလောင်းကို နောက် ၃ရက်အကြာ ...
ကိုးကန့် ရွာတွေအနီးက
ချောင်းခြောက်တစ်ခုထဲမှာ ပြန်တွေ့ ရတယ် ...
တစ်ကိုယ်လုံး ဓားနဲ့ မွမ်းထားတဲ့  ဒဏ်ရာအထပ်ထပ်နဲ့  ...
ဒီလုပ်ရပ်တွေဟာ
ဘယ်တုန်းကမှ တပ်တွေ အတည်တကျ အခြေမချခဲ့ဘူးတဲ့  ...
နယ်စပ်ဒေသတွေမှာ ...
နောင်လာမယ့် ပြည်ထောင်စု အစိုးရအဆက်ဆက်ရဲ့ ...
အချုပ်အခြာအာဏာတည်အောင် လုပ်ဆောင်ခဲ့တဲ့  ...
တစ်စိတ်တစ်ဒေသ ဖြစ်တယ် ....
စိတ်ဝင်စားမယ်ဆိုရင် ...
မြေပုံပေါ်မှာ ဒါတွေကို မျက်စိထဲ မြင်ကြည့်လိုက်ဖို့ လိုမယ် ...
၁၉၈၈ မတိုင်မီကနဲ့  စာရင် ...
လက်ရှိ တပ်မတော်ရဲ့ စစ်အင်အားဟာ ၂ဆတိုးလာတယ် ...
အင်အား ၂ဆ တိုးပေမယ့်  ...
နေရာချထားတဲ့ တပ်အခင်းအကျင်းက သိပ်ကျယ်တယ် ...
ဒါကြောင့် ရှိတဲ့  အင်အားကို ...
ချထားတဲ့  တပ်အခင်းအကျင်းတွေမှာ ...
နည်းနည်းနဲ့  ကြဲကြဲ ၀ိုင်းရတယ် ...
ဒါတွေကြောင့်ပဲ အခုဖြစ်နေတဲ့  ....
တပ်တွေမှာ ...
လူအင်အားမပြည့်မှုဆိုတဲ့  ပြသနာပေါ်လာရတယ် ...
တပ်ကို အင်အားမချဲ့ နဲ့  လို့ ဆိုရင် ...
ချင့်ချိန်ကြည့်ဖို့ လိုတယ် ...
တပ်ဟာ ပြည်တွင်းသောင်းကျန်းမှုသာ မက ...
အခြားခြားသော ...
တိုင်းပြည်ရဲ့ လုံခြုံရေး ၊ သဘာဝဘေးအန္တရာယ် ...
စတဲ့ ကိစ္စတွေမှာပါ ...
တာဝန်ယူနေရတာကို သိထားဖို့ လိုမယ် ...
တိုင်းပြည်ဟာ အရင့်အရင်တုန်းကလဲ ...
နယ်စပ်တွေမှာ အစိုးရအာဏာစက် မတည်ခဲ့တာကိုလဲ...
အနည်းအကျဉ်း သိထားဖို့ လိုတယ် ...
စစ်အစိုးရဟာ ဒီအခြေအနေကြီးကို ပြင်ဖို့  ...
မဟာဗျူဟာချပြီး ကြိုးစားခဲ့ဟန် ရှိတယ် ....
တပ်အခင်းအကျင်း ကျယ်လာတဲ့  အခါ ...
လူသစ်စုဆောင်းဖို့ ဆိုတဲ့  ကိစ္စဟာ ...
ပြသနာ တစ်ခုဖြစ်လာတယ် ...
လက်ရှိ ဖွဲ့ စည်းပုံအရ ...
အင်အားပြည့် စုဆောင်းရမယ်ဆိုရင် ...
တပ်မတော်ရဲ့ စစ်အင်အားဟာ ...
၁၂ သိန်းဝန်းကျင်အထိ ...
ဖွဲ့ စည်းရမယ့် အနေအထား ဖြစ်တယ် ...
တပ်မတော် ရဲ့ စနစ်ဟာ ...
မိသားစုတွေရော ကလေးတွေပါ ...
နောက်တန်းဌာနချုပ်မှာ ...
တစ်စုတစ်စည်းထဲ နေတဲ့  စနစ်ဖြစ်တယ် ...
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ...
နောက်တန်းဌာနချုပ်တွေကိုက ...
မငြိမ်းချမ်းတဲ့ နယ်မြေတွေထဲ အသစ်ဖွင့်လာ ...
အဲဒီနယ်မြေထဲ တပ်သစ်တွေရောက်လာတဲ့  အခါမှာ ....
ရှိသမျှ ရဲမေကလေး အားလုံးသေနတ်ကိုင်ပြီး ....
ဒီ တပ်ဌာနချုပ်တွေကို ...
ကာကွယ်ရတဲ့ အနေအထား ဖြစ်လာတယ် ...
ဖွဲ့ စည်းပုံအတိုင်း အင်အားဖြည့်တင်းဖို့  .....
ပြုန်းတီးအင်အားတွေကို အစားထိုးဖို့   ...
တပ်ရဲ့ လူသစ်လိုအပ်ချက်ဟာ ...
အရင်ထက်အဆပေါင်းများစွာ မြင့်မားလာတယ် ...
ဈေးကွက်သဘောအရ ...
Demand & Supply မမျှတဲ့ အချိန်မှာ ...
တပ်သားသစ်တစ်ဦးကို ငွေဘယ်လောက်ဆိုတဲ့  ...
ဈေးကွက်တစ်ခု ပေါ်လာတယ် ...
ဒါဟာ လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းတစ်ခုကို ...
မဟာဗျူဟာပိုင်းက ရူမြင်သုံးသပ်ပြတာ ဖြစ်တယ် ...
လိုရင်းကို ချုပ်ပြောရရင်တော့ ...
တပ်တွေ ဖြန့် ခွဲနေရာချထားတာကို ....
အင်အားဖြည့်တင်းရေး လုပ်မလား ?
ဝမ်းသာအားရ လက်ခုပ်တီးမယ့်သူတွေလဲ တစ်ထောကြီးပေါ့ ....
ဒီအတိုင်းပဲ ဖြန့် ခွဲနေရာချထား ...
အင်အားဆက်ဖြည့်မယ်ဆိုရင်တော့ ...
အကြမ်းဖျဉ်း နည်း ၂ နည်း စဉ်းစားလို့ ရတယ် ။
၁။ စစ်မှုမထမ်းမနေရစနစ်
၂။ စစ်သည်တစ်ဦးချင်း၏ ရပိုင်ခွင့်များ တိုးမြှင့်ပေးခြင်း
ကျွန်တော့်အမြင် ပြောရရင် ...
နံပါတ် ၂ အချက် ...
စစ်သည်တစ်ဦးချင်း၏ ရပိုင်ခွင့်များ တိုးမြှင့်ပေးခြင်း ဆိုတဲ့ အချက်က ...
လက်တွေ့ အကျဆုံး ပြသနာဖြေရှင်းနည်းပဲ ...
စစ်သည် တစ်ဦး ကျဆုံး / ဒဏ်ရာရ / အငြိမ်းစားယူရင် ...
နေဖို့ အိမ်တစ်လုံး ....
အမှန်တကယ်ရအောင် စီစဉ်ဆောင်ရွက်ပေးဖို့  ...
အာမခံပေးဖို့ လိုတယ် ...
ပင်ပန်းတာ ဆင်းရဲတာတွေကို ....
စစ်သားတွေဟာ သိပ်အရေးမလုပ် ...
အသက်စွန့် ရတာကိုလဲ သိပ်အရေးမလုပ် ...
သူတို့ နိုင်သလောက် စွမ်းသလောက် ...
တာဝန် ထမ်းဆောင်ပြီးချိန် ...
သူတို့ တပ်ကထွက်ရချိန် ...
တပ်က သူတို့ ကို ကျီးထိုးထိုး လောက်ကိုက်ကိုက် ...
ပြစ်ထားတယ်လို့  ခံစားကြရတာကို ...
စိတ်မကောင်းကြတာ ...
စိတ်ထိခိုက်ကြတာ ဖြစ်တယ် ....
နောက်ပြီး မှောင်ခိုဈေးကွက်ကို ခွင့်ပြုနေမယ့်အစား ...
စစ်သည်အသစ်တစ်ဦး တပ်ထဲဝင်တာနဲ့  ...
တရားဝင် သူ့ အိမ်ကို ...
ထောက်ပံ့ ငွေ ဆယ်သိန်း ဆယ့်ငါးသိန်း ...
စသဖြင့် စသဖြင့် ထောက်ပံ့ လိုက်လို့ ရမလား ...
ဒါမျိုးတွေ စဉ်းစားကြည့်ဖို့ လိုတယ် ...
( ဒီနေရာမှာ တစ်ခုထပ်စဉ်းစားမိတာက ...
တပ်မတော်က စစ်သည်အားလုံးကို ...
တပ်က အငြိမ်းစားယူရတာနဲ့  ...
နေစရာအပိုင် စီစဉ်ပေးနိုင်ဖို့ ဆိုတာ ..
လက်ရှိ တပ်မတော်တစ်ရပ်လုံးရဲ့ အနေအထားနဲ့ ဆိုရင် ...
သိပ်မလွယ်နိုင်သေးတာကိုလဲ သတိပြန်ပြုမိသေးတယ် )
မင်းဘာလဲ ဆိုတော့ ဘာမှ မဟုတ် ...
ကိုယ်စဉ်းစားမိတာလေး ပြောပြတာ ဖြစ်တယ် ...
တပ်မတော် ဟာ ခြောက်ပြစ်ကင်းသဲလဲစင်မဟုတ် ...
သို့ သော် ကိစ္စတစ်ခုကို ဝေဖန်မယ် ထောက်ပြမယ်ဆိုရင် ...
အကြောင်းချင်းရာအားလုံးကို ထည့်သွင်းသုံးသပ်ပြဖို့ လိုတယ် ...
အခုနောက်ပိုင်း တပ်ကိုချစ်လို့ ထောက်ပြတာပါဆိုတဲ့  ...
စာတော်များများဟာ ...
ကိစ္စလေးတစ်ခုကိုသာ ကွက်ကွက်လေးရေးပြ ...
ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့  ...
နောက်ခံအခင်းအကျင်း က မပါ ...
ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ....
ဖြစ်နေတာလေးတွေ များလာလို့  ...
စိတ်ပျက်လက်ပျက် ပြန်ရေးမိတာ ဖြစ်တယ် ...
တပ်မတော်ကို ချစ်ပါတယ်ဆိုပြီးထောက်ပြနေတိုင်း ...
ချစ်ရာရောက်တာ မဟုတ် ...
ဘယ်ကို ဦးတည်နေလဲ ...?
ပြုပြင်ပြောင်းလဲရေး ဖြစ်လာသလား ?
အချင်းချင်း သွေးကွဲရေးနဲ့  ...
မလိုသူတွေ ဘေးက ...
ဝိုင်းလက်ခုပ်တီးရေးပဲ ဖြစ်လာသလား ?
ဒါကို တပ်မတော်ကို ချစ်လို့ ....
ထောက်ပြနေရပါတယ် ဆိုသူတို့  ...
လေးလေးနက်နက် ...
ပြန်စဉ်းစားကြည့်ဖို့  အကြံပြုလိုတယ် ။
( ရဲမိုး )
No comments: