Saturday, December 5, 2015

တကယ် ထူးချွန်သည့် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုကို ၂၀၁၆ ဧပြီလတွင် ၂ နှစ်အတွက်ပေါင်းပြီး ပေးမည် ==============

တကယ် ထူးချွန်သည့် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုကို ၂၀၁၆ ဧပြီလတွင် ၂ နှစ်အတွက်ပေါင်းပြီး ပေးမည်
======================

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ရုပ်ရှင်လောကတွေအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနေသလို တဖက်မှာလည်း ဇာတ်ကားတွေ ရိုက်ကူးနေသောကြောင့် မကြာခင်ရောက်လာတော့မည့် အကယ်ဒမီ ရွေးချယ်ပွဲအကြောင်း၊ ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားများအကြောင်း ဗီဒီယိုလောကအခြေအနေများ အကြောင်း စသည်တို့ကို ဦးလူမင်းနှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

ဒီရက်ပိုင်းက ရုပ်ရှင်ဆက်တိုက်ရိုက်ဖြစ်နေတယ်။ ဗီဒီယိုလောကမှာ လတ်တလောဖြစ်နေတဲ့ ပရီစနစ်ကိစ္စ ဒီနေ့ပဲ အစည်းအဝေးထိုင်ကြတယ်။ ပရီစနစ်ဆိုတာရှိခဲ့ပြီးသား တခေတ်တခါတုန်းက ပရီစနစ်နဲ့ဖြန့်ဖို့ ဘယ်လိုမှ အဆင်မပြေတော့ မူပိုင်နဲ့ သွားခဲ့တာပေါ့။ လက်ရှိအခြေအနေမှာ ဗီဒီယို ဈေးကွက်က တော်တော်လေး ပျက်စီးနေတယ်။

နိုင်ငံနဲ့ချီပြီးပြောရမယ် ဆိုရင် တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် လုပ်သလောက်က သူခိုး ကောင်းစားဖို့ချည်းပဲ ဖြစ်နေတယ်။ ဈေးကွက်က ယိုယွင်းလာတော့ ပရီစနစ်ကိုတကျော့ပြန်ထိုးဖောက်ဖို့ ပြန်လည်ဖော်ဆောင်ကြတယ်ပေါ့။ ဖြန့်ချိတဲ့စနစ်နှစ်ခုကြားမှာ သဘောထားမတူတာ၊ အမြင်မတူတာ ထိခိုက်မှု တွေဖြစ်လာကြတဲ့အခါ မပြေမလည်ဖြစ်တဲ့သဘောပါပဲ။ ဒီရက်ပိုင်းအတွင်းအဲဒါကိုလည်းသဘောတူညီမှုရအောင်ယူပြီးတော့ ဆွေးနွေး အဖြေရှာသွားဖို့ စီစဉ်ပြီးပါပြီ။ ရေရှည်အနာဂတ်မှာတော့ ပရီစနစ်နဲ့ပဲ သွားရမှာပါ။ နိုင်ငံတကာမှာလည်း ဒီစနစ်ပဲရှိတယ်။

ရုပ်ရှင်ကားကြီး ပြီးလို့ရှိရင် ဗီဒီယို DVD အနေနဲ့ဖြန့်တာဆိုတော့ ဒီပုံစံအတိုင်းပဲသွား ရမှာပေါ့။ ဗီဒီယိုဆိုတာ ကိုယ်တို့နိုင်ငံမှာ ရုပ်ရှင်ရုံတွေမရှိတဲ့အတွက် ရုပ်ရှင်ရုံနေရာမှာ အစားထိုးပေါ်ပေါက်လာပြီးတော့ ကိုယ်တို့လောက သားအားလုံး ဗီဒီယိုပေါ်မူတည်ပြီး ရပ်တည်လာရတဲ့ လောကတခုပါ။ ဗီဒီယိုလောကကို နောက်ဆုံးအချိန်ထိ ရသလောာက် ကျားကန်ထားရမှာ ပါ။ ဘာလို့လဲဆိုတော့ လက်ရှိအခြေအနေမှာ တတိုင်းပြည်လုံး အနေနဲ့ လူသန်း ၅၀ ကျော်မှာ ရုပ်ရှင်ရုံ ၃၀ ကျော်ပဲရှိသေးတဲ့အတွက် အင်မတန် နည်းပါးနေသေးတယ်။ ရုပ်ရှင် တခုတည်းကို ၀ိုင်းဝန်းမှီခိုဖို့ မဖြစ်နိုင်သေး တဲ့အချိန်မှာ ဗီဒီယိုဆိုတာလည်း ရသရွေ့ မယိုင်လဲသွားအောင် ၀ိုင်းပြီး ကျားကန်ကြရမှာပဲ။

နိုင်ငံရေးဘက်မှာလည်း ဦးလူမင်းရဲ့ ရပ်တည်မှုကိုမေးကြည့်ရာ ''ကိုယ့်အနေနဲ့ နိုင်ငံရေးလို့ပဲ ခေါင်းစဉ် တပ်ရမလား။ နိုင်ငံရဲ့အရေးလို့ပဲ ရင်ထဲမှာ ခံစားရပါတယ်။ အနုပညာရှင်တယောက်လည်းဖြစ်တော့ ပရိသတ်ကိစ္စက ကိုယ့်ကိစ္စလို့ ခံယူတယ်။ ပြည်သူ ပရိသတ်တွေ တိုးတက်ဖို့၊ ကောင်းစားဖို့အတွက် အနုပညာရှင်တယောက်အနေနဲ့ တတိုင်းပြည်လုံးနဲ့သက်ဆိုင်တဲ့ကိစ္စမျိုးမှာ ကိုယ့်အနေနဲ့ ဘေးထွက်မနေသင့်ဘူးလို့ ကိုယ် ပါဝင်ပံ့ပိုးနိုင်သလောက် ပါဝင်တဲ့သဘောပါ။

လက်ရှိ နိုင်ငံရေးအခြေအနေက စိုးရိမ်နေရတဲ့ အနေအထားအချို့ မြင်တွေ့ကြားသိနေရသေးသလို စိတ်ဒုံးဒုံးချလိုက်ဖို့ကတော့ အချိန်တခု စောင့်ရဦးမှာပေါ့။ နိုင်ငံရေးလုပ်ဖို့  ကြီးလေးတဲ့ တာဝန်တရပ်ပေးခဲ့ မယ်ဆိုရင် နိုင်ငံရေးပဲ ဇောက်ချလုပ်ဖြစ်မလားဆိုတာကို လတ်တလော ဒီနေ့ အခြေအနေမှာတော့ မစဉ်းစားရသေးပါဘူး''ဟု ပြောပါသည်။
၂၀၁၆ မှာ ဦးလူမင်းလုပ်မယ့် အနုပညာအစီအစဉ်တွေနှင့် ပတ်သက်ပြီးတော့လည်း ဦးလူမင်းက ''၂၀၁၆ မှာ ကိုယ်တို့ အနုပညာရှင် တွေအားလုံးရဲ့ အကယ်ဒမီပေးပွဲကြီးပေါ့။

နှစ်နှစ်ပေါင်းပြီးပေးမယ့်နှစ်မှာမှအစိုးရအကူးအပြောင်းတွေဖြစ်နေတဲ့ကာလဆိုတော့ အကယ်ဒမီပွဲကို ဧပြီလလောက်ကို ရွှေ့ဆိုင်းဖို့ အခြေအနေရှိပါတယ်။ ရုပ်ရှင်အနုပညာ အနေနဲ့ ကိုယ့်ရဲ့အနုပညာအတွက်၊ တဖက်က ပရိသတ်အတွက်၊ အများ အကျိုးအတွက်လုပ်သလို တဖက်က အစည်းအရုံးဥက္ကဋ္ဌအနေနဲ့ ကိုယ့်လောက သားအတွက်လုပ်သလို ကိုယ့်ရဲ့ ပရိသတ်အတွက် အနုပညာဖန်တီးတင်ဆက်မှုတွေကလည်း တမျိုးပြီးတမျိုး မရိုးရအောင် ကြိုးစား နေမှာပါ။ အကယ်ဒမီပေးပွဲကို ထူးခြားအောင် ဘယ်လိုလုပ်မလဲဆိုတာက သေချာတာကတော့ နှစ်နှစ်စာပေါင်းပြီးပေးပါ့မယ်။ အဲဒါကတော့ Confirm  ဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်မှုတွေကတော့ အသေးစိတ် ကိုယ်တို့မပြောနိုင်သေးပါဘူး။

မနှစ်က အကယ်ဒမီဆုပေးရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ ဒီနှစ်မှာအားလုံးပြန်ပြီး ပြင်ဆင်ထား ပါတယ်။ အကယ်ဒမီ ရွှေကြိုကိုတော့ ဆက်ထားဖြစ်မှာပါ။

အနုပညာဖန်တီးတင်ဆက်ခွင့်ဆိုတာ ကိုယ့်စိတ်ကြိုက်ရွေးချယ်ခွင့် ရတာထက် ကိုယ့်ဆီကိုလာရောက်ကမ်းလှမ်းတဲ့အပေါ်မှာ မူတည်ပြီး ရွေးချယ်ရတာဆိုတော့ အရာအားလုံးသည် ၁၀၀ ရာခိုင်နှုန်း ကိုယ့်စိတ် ကြိုက် ဖန်တီးရွေးချယ်ဆောင်ရွက်ရတဲ့ အနေအထားမျိုးတော့ အချို့နေရာတွေမှာ မရှိဘူးပေါ့။

၂၀၁၆ မှာ ကိုယ်ဘာတွေလုပ်မယ်ဆိုတာထက် သေချာတာက ၂၀၁၆ သင်္ကြန်ပြီးရင် ကိုယ်ဒါရိုက်တာလုပ်ပြီး မြင့်မြတ်နဲ့ ရုပ်ရှင်ကားကြီးတကားရိုက်ဖို့ရှိပါတယ်''ဟုလည်း ပြောပါသည်။
နိုင်ငံခြား ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးတွေနှင့် ရိုက်ကူးမှုများလာ သည့်အပေါ်မှာ ဦးလူမင်း၏အမြင်ကိုမေးကြည့်တော့ ''ကောင်းပါတယ်။

အဲဒီလို ဖက်စပ်ရိုက်ပြီးတော့မှပဲ နိုင်ငံတကာဈေးကွက်ကို တဆင့်တက် လှမ်းရမှာ ဖြစ်ပါတယ်။ မြန်မာ့ ရုပ်ရှင်တည်တံ့ခိုင်မြဲဖို့ ပြည်တွင်းဈေးကွက် ကို ခိုင်မာအောင် တည်ဆောက်ဖို့ နံပါတ်တစ်အရေး အကြီးဆုံးပါပဲ။ ဟောလီဝုဒ်က မင်းသား၊ မင်းသမီးနဲ့ တွဲရိုက်ဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ကမ်းလှမ်းလာတဲ့ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာပေါ် မူတည်ပြီး ဆုံးဖြတ်မှာပါ။ ဟောလီဝုဒ်မို့လို့ ဘယ်လိုပဲပါရပါရ ရိုက်မယ်ဆိုတဲ့စိတ် မရှိပါဘူး''ဟု ဦးလူမင်းက ပြောပြသွားပါသည်။        

စုစုခိုင်မျိုး

No comments: