Thursday, August 4, 2016

ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသသူများ၏ လုံခြုံရေးအတွက် ဆေးကုသဆောင်များတွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ လူနာစောင့်ဦးရေ ကန့်သတ်ခြင်းများ လုပ်ဆောင် =================================


၎..၈..၁၆
-
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသသည့် လူနာများ၏ လုံခြုံရေး အတွက် ဆေးကုသဆောင်များအတွင်း CCTV ကင်မရာများ တပ်ဆင်ခြင်း၊ လူနာစောင့်ဦးရေ ကန့်သတ်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေ၀င်းသိန်းက ပြောကြားသည်။
-
ထိုသို့ လုပ်ဆောင်ရခြင်းမှာ ဆေးကုသဆောင်များအတွင်း လူနာယောင်ဆောင်၍သော် လည်းကောင်း၊ လူနာစောင့်ယောင် ဆောင်၍သော် လည်းကောင်း၊ ဆေးရုံဝန်ထမ်းယောင်ဆောင်၍သော် လည်းကောင်း လူနာများ၊ လူနာစောင့်များ၊ ဆရာဝန်၊ သူနာပြုများ၏ ပစ္စည်းများကို ခိုးယူမှု ဖြစ်စဉ်များ ရှိနေခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ ခိုးယူမှု ဖြစ်စဉ်များအနက် တစ်ဦးတည်းမှ အပတ်စဉ်နီးပါး ခိုးယူမှု ဖြစ်စဉ်များလည်း ရှိနေပြီး ဆေးရုံမှ တာဝန်ရှိသူများ အနေဖြင့် လသာမြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဖမ်းဆီး အရေးယူခဲ့မှုများ ရှိခဲ့သည်။
-
“လူနာစောင့်တွေ လူနာတွေမှာ ပစ္စည်းပျောက်တဲ့ ဖြစ်စဉ်တွေ ခဏတိုင်းလိုလို ခပ်စိပ်စိပ် ဖြစ်လာတယ်။ ပစ္စည်း၊ ပိုက်ဆံပျောက်လို့ တိုင်တဲ့သူတွေ ရှိသလို မတိုင်တဲ့ သူလည်း ရှိတယ်။ ဒီလို ပစ္စည်းပျောက်တဲ့ ဖြစ်စဉ်တွေ ရှိပြီဆို ဘယ်မှာ ပျောက်တာလဲ။ ဘယ်အချိန် ပျောက်လဲဆိုပြီး ပစ္စည်းပျောက်တဲ့ လူနာကို ခေါ်ဆွေးနွေးတယ်။ ပြီးရင် သက်ဆိုင်ရာ ဌာနတွေအလိုက် CCTV ကင်မရာတွေ ပြန်ကြည့်တယ်။ မသင်္ကာတဲ့ သူတွေရဲ့ မှတ်တမ်းကို ယူပြီး လသာ ရဲစခန်းကို ပို့တယ်။ အကြိမ်ကြိမ် ခိုးလို့ မိတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ လူနာတွေရဲ့ လုံခြုံရေးအတွက် CCTV ကင်မရာတွေကို ထပ်တပ်ဖို့ ရှိပါတယ်။ ပြင်ပလူနာဌာန ရှိတဲ့ ငါးထပ်ဆောင် တစ်ခုတည်းမှာတင် CCTV ကင်မရာ အလုံး ၁၀၀ ကျော် ရှိပါတယ်” ဟု လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေ၀င်းသိန်းက ပြောကြားသည်။
-
လက်ရှိတွင် CCTV ကင်မရာများကို ပင်မဆောင်၊ အရေးပေါ်ဌာန၊ နှလုံးကုသဆောင်နှင့် တိုးချဲ့ ငါးထပ်ဆောင်တို့တွင် တပ်ဆင်ထားပြီး အခြား ဆေးကုသဆောင်များတွင်လည်း ထပ်မံတပ်ဆင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
-
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာများအတွက် ဧည့်ကြည့်ချိန်ကို ညနေ ၄ နာရီမှ ၆ နာရီအတွင်း သတ်မှတ်ထားပြီး ယင်းအချိန်တွင် လူဦးရေ ကန့်သတ်ထားခြင်းမျိုး မရှိသော်လည်း ကျန်အချိန်
များတွင် လူနာစောင့် ဦးရေကို ကန့်သတ်ထားကြောင်း သိရသည်။
============
Eleven Media Group

No comments: