ရန်ကုန်၊ သြဂုတ် ၁
ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သောကုမ္ပဏီ (YBPC) က ပြေးဆွဲလျက်ရှိသော BRT ခရီးသည်တင် ယာဉ်လိုင်းတွင် ယာဉ်စီးခပေးချေခြင်း အတွက် မိုဘိုင်းလ်ဖုန်းဖြင့် ပေးချေနိုင် တော့မည်ဖြစ်ကြောင်း YBPC ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောကြားသည်။
လက်ရှိအချိန်တွင် BRT ယာဉ်လိုင်း၌ Anypay ကတ်ဖြင့် ယာဉ်စီးခ ပေးချေခြင်းများ လုပ်ဆောင်လျက်ရှိပြီး လာမည့် နိုဝင်ဘာလတွင် မိုဘိုင်းလ်ဖုန်းမှ QR ကုတ်စနစ်ဖြင့် ငွေပေးချေခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
''ကတ်ရော၊ မိုဘိုင်းလ်ဖုန်းစနစ်နဲ့ရော ငွေပေးချေလို့ ရသွားမှာပါ။ ပြီးတော့ လက်မှတ်စနစ်နဲ့ ယာဉ်လိုင်းတွေ အားလုံး ဖြစ်လာအောင် ဒီနှစ်အတွင်း ဖြစ်လာဖို့ လုပ်ဆောင်နေတယ်''ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများကို အများပိုင်ကုမ္ပဏီ ပြောင်းလွဲဖွဲ့စည်းပြီး BRT ယာဉ်လိုင်းကဲ့သို့ ပြေးဆွဲရန် လတ်တလော လျှောက်ထားသည့် ကုမ္ပဏီ ၁ဝ ခုခန့် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
လတ်တလောတွင် BRT Lite ယာဉ်လိုင်းက ယာဉ်အစီးအရေ ၄၅ စီးဖြင့် အမှတ် (၁) လမ်းမကြီး၊ ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကမ္ဘာအေးဘုရား လမ်းပြေးဆွဲသော လမ်းကြောင်း (၁) နှင့် အမှတ် (၁) လမ်းမကြီးမှ ဗိုလ်တထောင် ဘုရားလမ်း၊ ကမ်းနားလမ်း၊ ဘုန်းကြီးလမ်းသို့ ပြေးဆွဲသောလမ်းကြောင်း (၂) တို့ဖြင့် ပြေးဆွဲနေသည်။
No comments:
Post a Comment