Friday, August 5, 2016

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ၀က်မှေးရွာဟောင်းမှ ဘုရားဆင်းတုတော်နှင့် နတ်ကွန်းများကို ကုမ္ပဏီမှ စွန့်ပစ်မြေဖြင့် အဖို့ခံရ

နတ်စင်အဖျက်မခံရစဉ် လက်ပံတောင်းတောင်ဒေသခံများ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကျဆုံးရေးအတွက် လာရောက် ကျိန်စာတိုက် ဆုတောင်းနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း မြန်မာ-၀မ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့ အကျိုးတူပူးပေါင်းပြီး ကြေးနီသတ္တုများ တူးဖော်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းတွင် ရှိနေသည့် ၀က်မှေးရွာဟောင်းမှ ဘုရားဆင်းတုတော် သုံးဆူနှင့် ရွာတော်ယဉ် နတ်စဉ်လေးစင်တို့အား ဇူလိုင် ၃၁ ရက် ညသန်းခေါင် ယံအချိန်ခန့်တွင် ကုမ္ပဏီက စွန့်ပစ်မြေများဖြင့် လာရောက်ပြီး မြေဖို့ပစ်ခဲ့ကြောင်း ၀က်မှေးရွာဟောင်းနေ ရွာသူရွာသားများထံမှ သတင်းရရှိသည်။

ဝက်မှေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်းက “ဇူလိုင် ၃၁ ရက် ညပိုင်းသန်းခေါင်ယံ အချိန်လောက်မှာ ရွာမှာကိုးကွယ်နေတဲ့ ဘုရားဆင်းတုတော် သုံးဆူနှင့် ရွာတော်ယဉ်နတ်စင် လေးစင်ကို ကုမ္ပဏီဘက်ကလာပြီး သူတို့ရဲ့ စွန့်ပစ်မြေစာတွေနဲ့ ဖို့ပစ်ခဲ့တာပါ။ ဒေသခံ ရွာသူရွာသားတွေကို လုံးဝအသိပေး ကြိုတင်အကြောင်းကြားတာ လုံးဝမရှိခဲ့ပါဘူး။ အခု အဲဒီကိစ္စရပ်ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီကို စာတင်မှာပါ” ဟု ပြောကြားသည်။

မြန်မာ-၀မ်ပေါင် ကုမ္ပဏီအနေဖြင့် စီမံကိန်းအတွင်းပါဝင်ပြီး ရွှေ့ပြောင်းပေးခြင်းမပြုသည့် ကျေးရွာများအား ခြံစည်းရိုးခတ်ခြင်း၊ စွန့်ပစ်မြေစာလာရောက် စွန့်ပစ်ခြင်း ဘုန်းတော်ကြီးကျောင်းများ စေတီများအား ဖြိုဖျက်ခြင်းတို့ ပြုလုပ်သည့်အခါတိုင်း ကျေးရွာမှာ သာရေး၊ နာရေး၊ ဘာသာရေးပွဲများ ပြုလုပ်သည့်ရက်များတွင် ၀င်ရောက်ပြီး လုပ်ကိုင်လေ့ရှိကြောင်း၊ ယခု ဘုရားဆင်းတုတော်များ နှင့် နတ်စင်များ မြေဖို့ပစ်တဲ့ အခါမှာလည်း ရွာအနီးကို ချင်းတွင်းမြစ်ရေ ၀င်ရောက်နေချိန်ဖြစ်ပြီး ဘုရားဆင်းတုတော်နှင့် နတ်စင်များကို ရွာသူ၊ ရွာသားများ သွားလာရေး ခက်ခဲနေချိန်မှာ အခွင့်ကောင်းယူပြီး လုပ်ကိုင်သွားခြင်းဖြစ်ကြောင်း မသွဲသွဲ့ဝင်းက ပြောကြားသည်။

စွန့်ပစ်မြေစာများဖြင့် မြေဖို့ခြင်းခံလိုက်ရသည့် ၀က်မှေးရွာဟောင်းရှိ ရွာတော်ရှင် နတ်စင်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ၀က်မှေးရွာ၊ မိုးကြိုးပြင်ရွာ၊ ဆည်တဲရွာ၊ ဇီးတောရွာတို့က ဒေသခံများ လာရောက်ပြီး ကျိန်စာတိုက် ဆုတောင်းမှုများ ပြုလုပ်နေသည့် နတ်စင်ဖြစ်ကြောင်း သိရသည်။   

 

Writer: 

စိုးမိုးထွန်း (မုံရွာ)

No comments: