Wednesday, August 24, 2016

ရေဖောက်ချမှု တိုင်ကြားသူကို ပေါက်တူးဖြင့် ခုတ်သတ်

တောင်ငူ၊ သြဂုတ်၂၄

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာတွင် သြဂုတ် ၂၃ရက် ည ၈နာရီက အိမ်နီချင်းက ခြံဝင်းအတွင်း ရေဖောက်ချမှုနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့သော အသက် ၄၆နှစ်အရွယ် အမျိုးသားကို တိုင်ကြားခံရသူက ပေါက်တူးဖြင့် ခုတ်သတ်ခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်းထံမှ သိရှိရသည်။

အသက် ၃၇နှစ်အရွယ် ဦးဇော်နိုင်က မိုးရွာစဉ် ခြံထဲဝင်လာသော ရေများကို ပေါက်တူးဖြင့် ဖောက်ချရာ အသတ်ခံရသူ ဦးကျော်ဦး၏ ခြံတွင်းသို့ရေများ ဝင်ရောက်လာခဲ့ကြောင်း၊ ရေဖောက်ချခံရသူက ခြံအတွင်း ရေဝင်သည်ကို မကျေနပ်သဖြင့် အော်ဟစ်ဆဲဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြား ခဲ့ကြောင်း၊ တိုင်ကြားခံရသူက တိုင်ကြားပြီး ပြန်လာသူကို စစ်တောင်းမြစ်တမံဟောင်းအနီးတွင် စောင့်ဆိုင်းကာ ပေါက်တူးဖြင့် ဦးခေါင်းနှင့်လည်ပင်းကို ခုတ်သတ်ခဲ့ကြောင်း အဆိုပါ ရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အသတ်ခံရသော အမျိုးသား၏ ရုပ်အလောင်းကို ရေတာရှည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ရေတာရှည်မြို့နယ် မြို့မလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းလူသတ်မှုနှင့်ပတ်သက်၍ ပေါက်တူးဖြင့် ခုတ်ခဲ့သူ ဦးဇော်နိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရေတာရှည်မြို့မရဲစခန်းထံမှ သိရှိရသည်။

No comments: