နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လလယ်တွင် သွားရောက်မည့် တရုတ်ခရီးစဉ်၌ နှစ်နိုင်ငံ တရားဝင် ဆန်တင်ပို့မှု သဘောတူစာချုပ်သစ် ချုပ်ဆိုရန်နှင့် တရားဝင် ဆန်တင်ပို့ရာတွင် အခွန်နှုန်း ကြီးမြင့်စွာ ကောက်ခံနေသည့် အချက်များကို ညှိနှိုင်းပေးရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုခဲ့သော တရုတ်-မြန်မာ ဆန်တင်ပို့မှု စာချုပ်မှာလည်း သက်မှတ်ထားသည့် ဆန်တန်ချိန် ပမာဏ (တန်ချိန် ၂ သိန်း) တင်ပို့ခဲ့ပြီး ဖြစ်၍ စာချုပ်သစ် ထပ်မံချုပ်ဆိုရန် လိုအပ်လျက်ရှိသောကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆန်ကုန်သွယ်မှုကိစ္စများ ဆွေးနွေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တစ်ဆင့် တင်ပြထားကြောင်း သိရသည်။
“မြန်မာနိုင်ငံအနေနဲ့လည်း ပြည်ပသို့ဆန်တင်ပို့မှု လျော့ကျထိခိုက်နိုင်ပါသည်။ မိုးစပါး ပေါ်ချိန်တွင် စပါးဈေး ထိခိုက်နိုင်ပါကြောင်း တောင်သူများ၊ စက်ပိုင်နှင့်ကုန်သည်များကို အသိပေးအပ်ပါသည်။ အစိုးရမှလည်း နိုင်ငံတော် အရန်ဆန်ဝယ်ယူထားရှိရေး၊ ဈေးကွက်ရရှိရေး ပြည်တွင်း သယ်ယူပို့ဆောင်ခလျော့ကျအောင် စီမံပေးရေးအတွက် တိုက်တွန်းအပ်ပါသည်” ဟုလည်း ဒေါက်တာစိုးထွန်းက ၄င်း၏ လူမှုကွန်ရက် ( Facebook ) စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံ အနေဖြင့် တစ်နှစ်လျှင် ဆန်တင်ပို့မှု တန်ချိန် နှစ်သန်းအထိ ပြည်ပတင်ပို့ရန် ရည်မှန်းနေပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် စုစုပေါင်း ဆန်တန်ချိန် ၁ ဒသမ ၃ သန်းခန့်သာ တင်ပို့ထားနိုင်ပြီး လက်ရှိတွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်းခွဲမှ သုံးသိန်းကြား တင်ပို့ထားပြီး ယခင် ဘဏ္ဍာနှစ်ကထက် တင်ပို့မှု လျှော့နည်းနေသေးကြောင်း သိရသည်။
ဝသန်
The Ladies News
No comments:
Post a Comment