Wednesday, August 3, 2016

သီလဝါ စီးပွားရေးဇုန် ဇုန်ဘီ အကောင်အထည် ဖော်ရန် ရှယ်ယာသစ် ထုတ်ရောင်းမည် မဟုတ်

ရန်ကုန်၊ သြဂုတ် ၁

သီလဝါ အထူး စီးပွားရေးဇုန်တွင် ထပ်မံ အကောင်အထည် ဖော်မည့် ဇုန်ဘီ စီမံကိန်းအတွက် ရှယ်ယာသစ်ထုတ်ရောင်း မည်မဟုတ်ကြောင်း မြန်မာသီလဝါ အထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းဟန်က ပြောကြားသည်။

ရှယ်ယာရှင်များ၏ ရှယ်ယာတန်ဖိုးကို ကာကွယ်သည့် အနေနှင့် သီလဝါ အထူး စီးပွားရေးဇုန် ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဇုန်ဘီစီမံကိန်းကို လက်ရှိ အရင်းအနှီးများဖြင့်ပင် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သီလဝါ အထူး စီးပွားရေးဇုန် (ဇုန်ဘီ) စီမံကိန်း အကောင်အထည် ဖော်ရာတွင် အရင်းအနှီး လိုအပ်ချက် ရှိမည်ဖြစ်ရာ လိုအပ်သော အရင်းအနှီးအတွက် အခြား အဖွဲ့အစည်း တစ်ခုထံမှ ချေးငွေ တောင်းခံခြင်းနှင့် ရှယ်ယာအသစ် ထုတ်ရောင်းမည့် နည်းလမ်း နှစ်ခုရှိကြောင်း MTSH ကုမ္ပဏီထံမှ သိရသည်။

သီလဝါ အထူး စီးပွားရေးဇုန်တွင် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၇၃ ခုအထိ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာသန်း ၇၆ဝ ခန့်ရှိကာ တစ်နှစ်ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၁ သန်းအထိ ရရှိမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်နေသော MTSH ကုမ္ပဏီသည် ၂ဝ၁၅ - ၁၆ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုအဖြစ် ရှယ်ယာ တစ်စုလျှင် ကျပ် ၂၅ဝဝ ပေးမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

VIASWEETDECEMBER

No comments: