အစိုးရသစ်တက်လာလဲ ၁ လုံး ၂ လုံး ၃ လုံး တွေ
မပျောက်သေးဘူး၊ မူးယစ်ဆေးတွေလဲ အချို့နေရာတွေမှာ
ပိုဆိုးလာတယ်။ ဒီတော့ အချို့တွေက အစိုးရသစ်ကို
ဝန်ကြီးချုပ်တွေကို နာမည်တပ် လက်ညိုးထိုးပြီး ဝေဖန်လာတယ်။
ဖြစ်နေတာတွေက အမှန်တကယ်မို့ ဝေဖန်တာကို
နားလည်နိုင်ပေမဲ့ အစိုးရသစ်ပေါ် လက်ညိုးထိုး
စွပ်စွဲ ပုံချနေတာကတော့ နည်းလမ်းမကျလို့ လက်မခံနိုင်ဘူး။
အစိုးရဆိုတာက သူရဲ့မူနဲ့ ကိုက်ညီမယ့် မူဝါဒ သစ်တွေ ဖော်ဆောင်ပေးပြီး အောက်ခြေကို ပြန်ချပေးတယ်။
ဒါကို အောက်ခြေအဆင့်ဆင့်မှာ မလိုက်နာတဲ့ ထွေအုပ် ရပ်ကျေး၊ ရဲတပ်ဖွဲ့ နဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ လက်တလုံးခြား
နှစ်ပေါက်တစ်ပေါက် ရိုက်နေတာကြောင့် အစိုးရသစ် ဖော်ဆောင်နေတဲ့ အပြောင်းအလဲက ပြည်သူ့အမြင်မှာ
ဟန်ပြလို ဖြစ်နေတယ်။
အနီးစပ်ဆုံး ဥပမာကို ပြရရင် ၂၅.၇.၂၀၁၆ နေ့က မန္တလေးတိုင်းမှာ ရှောင်တခင် နေရာ ၁၃ နေရာမှာ မူးယစ်ဆေးဝါးတွေ ဝင်ဖမ်းတဲ့ အဖြစ်က သက်သေပါပဲ။
မူးယစ်ဆေး ရောင်းဝယ်၊သုံးစွဲသှုတွေ များပြားလာတဲ့
မန္တလေးမြို့မှာ နေ့ခင်းကြောင်တောင်ပါမကျန် လုယက်ဒုစရိုက်မှုတွေ များပြားလာတာနဲ့အမျှ၊ ပြည်သူတွေရဲ့ သတင်းပေးတိုင်တန်းမှုတွေ၊ ဝေဖန်သံတွေ များလာတာနဲ့အမျှ
အစိုးရအဖွဲ့ဟာ မူးယစ်ဆေးနှိမ်နင်းဖို့ နယ်လုံဝန်ကြီး၊ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီးစစ်ဆင်ရေးတစ်ရပ် တိတ်တဆိတ် ရေးဆွဲခဲ့တယ်။
အဲဒီ့ စစ်ဆင်ရေးကို တကယ်ကြိုသိတဲ့သူက မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေပဲ ရှိတယ်။ စစ်ဆင်ရေးမှာပါမယ့် ရဲတပ်ရင်းက တပ်သား ၃၀၀ ကိုတော့
၁၂ နာရီအလိုမှာမှ အသိပေးပြင်ဆင်စေခဲ့တယ်။
မန္တလေးမြို့ ၁၉လမ်းနှင့် ၁၄လမ်းကြား၊ ဧရာဝတီဆိပ်ကမ်းဘေးမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများကို ဇူလိုင် ၂၅ရက်နေ့ နံနက်ပိုင်းမှာ အရာရှိအဆင့်၊အခြားအဆင့် ရဲတပ်ဖွဲ့အင်အား ၃၀၀ဦး ကျော်နဲ့ တပြိုင် နက် ရှာဖွေဖမ်းဆီးခဲ့ကြပါတယ်။
၁၃ နေရာကို တပြိုင်နက် ဝင်ဖမ်းရာမှာ ရောင်းဝယ်တဲ့သူတွေကိုတော့ တစ်ယောက်မှ ဖမ်းဆီးရမိတာ မရှိခဲ့ပဲ သုံးနေရာမှာတော့ လူမနေတဲ့အိမ်တွေထဲ မူးယစ်ဆေးဝါးသုံးစွဲဖို့ ရောက်နေ ကြတဲ့ သူ ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ကြားထဲမှာ ကံဆိုးသူက အရက်ပုန်းရောင်းနေတဲ့ မောင်နိုင်(ခ) ပိုလီယိုဆိုသူကိုပါ ယစ်မျိုးဥပဒေနဲ့ ဖမ်းသွားခဲ့ပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာက ခုလိုလျို့ဝှက်စစ်ဆင်ရေး အဖြစ် သတင်းရရှိပြီးသား နေရာတွေကို ရှောင်တခင်ဝင်ဖမ်းရာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ တစ်ဦးတစ်လေကိုမျှ ဘာကြောင့် မမိရတာလဲ။ အဖြေကတော့ သတင်းပေါက်ကြားသွားလို့ပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဆီက
လိုင်းကြေးရယူထားတဲ့ ရဲတပ်ဖွဲ့အကြီးအကဲ အချို့ထံကနေ ဒီလျို့ဝှက်သတင်းကို ပြန်ပေးခဲ့လို့သာ အချိန်မှီ တိမ်းရှောင်သွားနိုင်လို့ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းတဲ့အချိန်မှာ မမိခဲ့တာပဲ ဖြစ်ပါတယ်။
အဓိက မူးယစ်ဆေးရောင်းဝယ်သူတွေကို ဆက်စပ်ဖော်ထုတ်နိုင်ဖို့ စီစဉ်နေတယ်လို့ မန္တလေး တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ဟန်ထွန်း က မီဒီယာတွေကို ပြောကြားခဲ့ပေမဲ့ ဘာမှ ထူးခြားမလာခဲ့ပါဘူး။
အခုလို ဖြစ်နေတာက မန္တလေးတစ်မြို့ထဲသာ မဟုတ်ပဲ ကျန်တဲ့ မြန်မာပြည်အနှံက နေရာဒေသတွေမှာလည်း အလားတူ အဓိက မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေသူတွေကို ဖမ်းဆီးရမိခြင်း မရှိခဲ့ပါဘူး။ ဒေါ်လာသန်းပေါင်း များစွာတန်တဲ့ မူးယစ်ဆေးဝါး တွေကို မြန်မာပြည်အနှံမှာ ဖမ်းဆီးရမိခဲ့ပေမဲ့ ပိုင်ရှင်မဲ့ ဖြစ်ရင်ဖြစ် မဖြစ်ရင်လဲ ကယ်ရီသမားတွေကိုသာ မိခဲ့ဖူးပါတယ်။
ဒီနေရာမှာ ထူးခြားတာက ကယ်ရီသမားတွေကို မြောက်များစွာ မိခဲ့ပေမဲ့ ဘာကြောင့် ဆက်စပ်ဖော်ထုတ်နိုင်ခြင်း မရှိသေးတာလဲ ဆိုတာပါ။ ကယ်ရီသမားကို ပစ္စည်းနဲ့တကွ မိတယ်ဆိုကတည်းက ပေးပို့သူနဲ့ လက်ခံသူ နှစ်ဦးရှိရပါမယ်။ ဒီလူတွေကလည်း သူတို့ရဲ့ အရင်းအနှီးများတဲ့အလုပ်မှာ တကယ်စိတ်ချရမယ့် ကယ်ရီသမားတွေကိုသာ သုံးစွဲမှာပဲ ဖြစ်ပါတယ်။
ဒီလောက် ခိုင်လုံတဲ့ သဲလွန်စတွေ လက်ထဲမှာ ရှိနေတာတောင် ပေးပို့သူရော လက်ခံသူပါ ခုချိန်အထိ တစ်ယောက်မှ မမိရအောင် ရဲတပ်ဖွဲ့ဟာ ဘာကြောင့် ပေါ်အောင် မစစ်နိုင်ရတာလဲဆိုတာ အလေးအနက်ထားပြီး စဉ်းစားစရာပါ။ ဆက်စပ်လို့ရတဲ့ အဖြေကတော့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုမှာ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲအချို့ ပါဝင်ပတ်သက်နေတယ်ဆိုတာ အသေအချာပါပဲ။
အနီးဆက်ဆုံး ဥပမာအနေနဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ လက်အောက်ခံ ကျောက်ပန္တုရဲကင်းစခန်းထဲ မှာ ဖွက်ထားတဲ့ WY မူးယစ်ဆေးပြားအရေအတွက် ၃ သိန်းနီးပါးကို ၂၆.၇.၂၀၁၆ က ဖမ်းဆီးရမိခဲ့တာပါပဲ။
မူးယစ်ဆေးဝါး နှိမ်နင်းရာမှာ တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်တဲ့
ရဲတပ်ဖွဲ့အကြီးအကဲ အချို့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် မူးယစ်ဆေးပြဿ နာကို အောင်မြင်အောင် မနှိမ်နင်းနိုင်ခြင်းနဲ့အတူ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်လည်း ၁ လုံး၊ ၂ လုံး၊ ၃ လုံး လောင်းကစားမှုတွေမှာ လာဘ်ပေးလာဘ်ယူပြီး လွှတ်ပေးထားနေတာကြောင့် ခုချိန်ထိ ပြည်သူတွေရဲ့ ဝေဖန်သံတွေ မြင့်တက်နေရခြင်းပဲ ဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့ အစိုးရသစ်ကို လက်ညိုးထိုး အပြစ်ရှာနေတဲ့
သူတွေရဲ့ အပြစ်ပြောစရာ နေရာကောင်းတစ်ခု ဖြစ်လာနေပါတယ်။ ဒီပြဿ နာတွေအတွက် အစိုးရသစ်ကို လက်ညိုးထိုးမလား၊ ကာကွယ်ရေးဦးစီးချုပ် လက်အောက်က ပြည်ထဲရေး၊ ပြည်ထဲရေး လက်အောက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လက်ညိုးထိုး အပြစ်တင်ကြမလား။
၁။ မြန်မာနိုင်ငံရဲ့ ရဲချုပ် ဇော်ဝင်း
၂။ ရဲစစ်စစ်ကနေ CID တပ်ဖွဲ့မှုးဖြစ်လာတဲ့ ရဲမှုးချုပ် အောင်နိုင်သူ
၃။ မန္တလေး တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီးဟန်ထွန်း
၎။ ရန်ကုန် တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းနိုင်
စသည့် ရဲတပ်ဖွဲ့ အကြီးအကဲတွေ အနေနဲ့ မိမိတို့ယူထားတဲ့ တာဝန်တွေကို ပြည်သူ့အတွက် ကျေပွန်စွာ ထမ်းဆောင်ရတော့မယ့် အချိန်ရောက်ပြီ ဖြစ်ပါတယ်။
ခုလို ပြဿ နာတွေကို ပြည်သူတွေ စိတ်ကျေနပ်တဲ့အထိ ဖြေရှင်းနိုင်ဖို့ အပြစ်တင်ခံနေရတဲ့ အစိုးရသစ်ဟာ လုပ်ပိုင်ခွင့်တွေ ရလာတာမှန်ပေမယ့် အထက်မှာ ဖော်ပြခဲ့သလို အောက်ခြေအဆင့်ဆင့်က ညွှန်ကြားချက်တွေကို ဖော်ဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို ဘယ်လို စီမံကိုင်တွယ်ပြီး မူးယစ်ဆေးဝါး၊ ၁ လုံး၊ ၂ လုံး၊ ၃ လုံး ပြဿ နာတွေကို ကိုင်တွယ်မလဲ ဆိုတာ အချိန်အတိုင်းအတာတစ်ခုအထိတော့ စိတ်ရှည်သည်းခံပြီး စောင့်ကြည့်ပေးရဦးမှာပဲ ဖြစ်ပါတယ်လို့ အသိပေး တင်ပြလိုက်ပါတယ်။
ZN.H
Credit:::::::::Zarni Tike
No comments:
Post a Comment