တနင်္သာရီတိုင်းဒေသကြီးအတွင်း
သတ္ထုတူးဖော်ရေး လုပ်ကိုင်နေသည့် မည်သည့်ကုမ္ပဏီကို မဆို ချမှတ်ထား သည့်
ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက
ခွင့်လွှတ်သည်းခံနေမည် မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ သဘာဝနှင့်
သယံဇာတဝန်ကြီး ဦးမြင့်မောင်က ပြောဆိုလိုက်သည်။
ထားဝယ်မြို့တော်ခန်းမ၌
သြဂုတ် ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် ရပ်ကွက်နှင့်
ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အစိုးရအဖွဲ့ဝန်ကြီးများ
တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သတ္ထုတွင်းလုပ်ငန်းတွေမှာ
ဥပဒေ၊ နည်းဥပဒေတွေရှိပြီးသား၊ ဒါတွေကို အရင်က မလိုက်နာခဲ့လို့ အခုလိုသဘာဝ
ပတ်ဝန်းကျင် ပျက်စီးမှုတွေဖြစ်လာတာ။ ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့
ဒီလိုဥပဒေမလိုက်နာလို့ ပတ်ဝန်းကျင်တွေ ပျက်စီးလာရင်တော့ ဘယ်သူ့မှ
ခွင့်မလွှတ်ဘူး။”ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများ
အနေဖြင့်လည်း အရွေးချယ်ခံ တာဝန်ပေးအပ်ခံထားရသူများ ဖြစ်သည့်အတွက်
ရပ်ရွာအတွင်းဖြစ်စဉ်များကို အစိုးရအဖွဲ့သို့ တိုက်ရိုက်တင်ပြ
ဆွေးနွေးနိုင်ကာ ရရှိထားသည့်ရာထူးအပေါ် ယစ်မူးမနေသင့်ဘဲ
ရပ်ရွာကောင်းကျိုးအတွက် သတင်းအရင်းအမြစ်များကို စုဆောင်း၍ အစိုးရအဖွဲ့နှင့်
ချိတ်ဆက်လုပ်ကိုင်ကြရန် လိုကြောင်း ဝန်ကြီးဦးမြင့်မောင်ကပြောသည်။
“ကနိုင်ဒါးကျေးရွာအုပ်စု၊
ကလုံးကျေးရွာမှာရှိတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတစ်ခုက
ကလုံးထာချောင်းအတွင်း ကို စွန့်ပစ်ရေနဲ့ မြေစာတွေ ပစ်နေပါတယ်။ ဒီကိစ္စကို
အရင်အစိုးရလက်ထက် ကတည်းကလည်း တင်ပြထားခဲ့ တာပါ။ ထိထိရောက်ရောက်
ဆောင်ရွက်မှုမရှိတဲ့အတွက် ထိရောက်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု
ကနိုင်ဒါးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပြောသည်။
တနင်္သာရီတိုင်းအတွင်း
သတ္တုတွင်းများတည်ရှိရာ ကျေးရွာများတွင် အဆိုပါကိစ္စရပ်များ
မဖြစ်ပေါ်စေရေးအတွက် ဒေသခံများပါဝင်သည့် စောင့်ကြည့်ရေး အဖွဲ့များဖွဲ့စည်းကာ
မျက်ခြေမပြတ်စောင့်ကြည့်စေပြီး သစ်တောများ ပြုန်းတီးမှု ကာကွယ်ရေးအတွက်လည်း
အပြောင်ရှင်းစနစ်ဖြင့် လုပ်ကိုင်ရသည့် ရာဘာ၊ ဆီအုန်း စိုက်ပျိုးခြင်း
လုပ်ငန်းများ ကိုလည်း လက်ရှိအစိုးရလက်ထက်တွင် ထပ်မံခွင့်ပြုပေးတော့မည်
မဟုတ်ကြောင်း ဝန်ကြီးက ပြောသည်။
ထို့အပြင်
ခွင့်ပြုပြီးသားလုပ်ငန်းများကို အမှန်တကယ် တင်ပြထားသည့်
မြေဧကအတိုင်းလုပ်ဆောင်ခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
ဆောင်ရွက်မှုများလုပ်ဆောင်ခြင်းဖြင့် ထိရောက်စွာ
ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
MMK
Photo - (တနင်္သာရီတိုင်းအတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းတခုအားတွေ့ရစဉ်)
The Ladies News
No comments:
Post a Comment