Thursday, August 25, 2016

တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းသည့် ဝက်ဆီများ စားသုံးသူများအတွက် အန္တရာယ်ရှိ

တရုတ်နိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာသော ဝက်ဆီများသည် လားရှိုးနှင့် မူဆယ်မြို့တို့သို့ ရောက်ရှိနေရာ စားသုံးသူများအတွက် အန္တရာယ်ရှိကြောင်း လားရှိုးမြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးဇော်မင်းသန်းက ပြောကြားသည်။

“တရုတ်ဘက်က တရားမဝင် တင်သွင်းနေတဲ့ ဝက်ဆီတစ်မျိုး ပြည်တွင်းကို တရားမဝင် လမ်းကြောင်းကနေ တင်သွင်းနေတယ်လို့ သိရတဲ့အတွက် စားသုံးသူရေးရာ ဦးစီးဌာနက စုံစမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

မုန့်နှင့်စားသောက်ကုန် ပစ္စည်းများ ပြုလုပ်ရန် တင်သွင်းလာသော ဝက်ဆီမှာ ဓာတုဆေးဝါးများဖြင့် ပြုပြင်ပြောင်းလဲထား၍ အနံ့မထွက်ဘဲ အေးခဲရာသီတွင်လည်း ခဲမသွားသောကြောင့်  စားသုံးသူများအတွက် အန္တရာယ်ရှိကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ဝက်ဆီများသည် သြဂုတ်လဆန်းပိုင်း စတင်ဝင်ရာက်လာခြင်း ဖြစ်ကြောင်း၊ ယင်းဆီများသည် စားသောက်ကုန် လုပ်ငန်းများတွင် အသုံးပြုရန် တရားမဝင် တင်သွင်းနေခြင်း ဖြစ်ကြောင်း မူဆယ်မြို့ရှိ ဆီကုန်သည်တစ်ဦးက ပြောဆိုသည်။

“တရုတ်ဘက်က ဝင်လာတဲ့ ဝက်ဆီက မုန့်နဲ့စားသောက်ကုန် ပစ္စည်းတွေမှာ အသုံးပြုရန်လို့ ရေးထားတယ်။ ဝက်ဆီဆိုတာ အလွယ်တကူ သိနိုင်အောင် ပုံးမှာ အစိမ်းရောင်ပုံလေးနဲ့ ပြထားတယ်” ဟု တရုတ်စာနှင့် တရုတ်စကား နားလည် သည့် မူဆယ်ဈေးကြီးမှ ကုန်သည်တစ်ဦး ဖြစ်သည့် ဦးစိုင်းအိုက်ကောင်းက ရှင်းပြသည်။

တရုတ်နိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာပြီး မုန့်နှင့် အစားအသောက်များ ပြုလုပ်ရာတွင် အသုံးပြုသော ဝက်ဆီများကို ငါးကီလိုပုံးနှင့် ၂၅ ကီလိုပုံးများဖြင့် တင်ဆောင်လာခြင်း ဖြစ်ပြီး ကာလပေါက်ဈေးမှာ ဝက်ဆီတစ်ပိဿာလျှင် မြန်မာငွေ ကျပ် ၁၈၀၀ ခန့် ပေါက်ဈေးရှိကြောင်း မူဆယ်နှင့် လားရှိုးမြို့ရှိ ဆီကုန်သည်များ အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၄ ခုနှစ် အတွင်းကလည်း တရုတ်နိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာ သော စားသုံးရန် မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်မှုများရှိ ခဲ့ပြီး  ယခုဝက်ဆီများကိုလည်း မန္တလေးမြို့အထိ တရားမဝင် လမ်းကြောင်းများမှ ပို့ဆောင်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

No comments: