Thursday, August 25, 2016

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ အကူအညီဖြင့် မွန်ပြည်နယ် တွင် နွမ်းပါးသူများနှင့် အမျိုးသမီးများအတွက် စီးပွားရေးလုပ်ဆောင်မှု စွမ်းရည်မြှင့်တင်ရေး စီမံကိန်း အကောင်အထည် ဖော်ဆောင်မည်



Posted: August 25, 2016

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် အရှေ့အနောက်စီးပွားရေး လမ်းကြောင်း တစ်လျှောက်ဖြစ်သော မွန်ပြည်နယ်တွင် နွမ်းပါးသူများနှင့် အမျိုးသမီးများအတွက် စီးပွားရေး လုပ်ဆောင်မှု စွမ်းရည်မြှင့်တင်ရေး စီမံကိန်းကို အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောကြားသည်။

 

အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည် ဖော်ဆောင်မည်ဖြစ်ရာ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာတွင် ဒေသထွက် လက်မှုပစ္စည်းများနှင့် ပြုပြင်ထားသော အစားအသောက်များ ထုတ်လုပ်ရောင်းချခြင်းမှ တစ်ဆင့် ဒေသခံ ထုတ်လုပ်သူများ ၀င်ငွေတိုးစေရန် ရည်ရွယ်ကြောင်း သိရသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြည်ပအဖွဲ့ အစည်းများအကြား နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကာ စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။

 

ဆက်လက်၍ ယင်းသို့ စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်းနှင့် မန္တလေးမြို့အစရှိသော မြန်မာနိုင်ငံ အထက်ပိုင်း၏ ရှေးဟောင်းမြို့များ ပေါင်းစည်းထားသော ခရီးစဉ်ဒေသစီမံကိန်းများကို အီတလီနိုင်ငံ Florence University ၏ နည်းပညာ အကူအညီဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း မဟာဗျူဟာအစီအစဉ် ၃ အရ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု စနစ်များ ရေးဆွဲခြင်းကို ဆောက်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ဝသန်

The Ladies News

No comments: