စက်လှေနစ်မြုပ်ရာတွင် သေဆုံးခဲ့သူများ၏ အလောင်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
ဧပြီ
၁၉ ရက် နံနက်ပိုင်းက စစ်တွေမြို့ နယ် သဲချောင်းချောင်းဝတွင် စက်လှေတစ်စင်း
နစ်မြုပ်ကာ ၁၈ ဦးထက်မနည်း သေဆုံးပြီး ပျောက်ဆုံးနေသူများ ရှိနေကြောင်း
စစ်တွေမြို့ မြို့မရဲစခန်းမှ သိရသည်။
အဆိုပါ စက်လှေမှာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကယ်ဆယ်ရေး စခန်းမှ စစ်တွေမြို့နယ်၊ သဲချောင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးများလည်း ပါဝင်ကြောင်း၊ ယင်းသို့လာရောက်ခြင်းမှာ ခွင့်ပြုချက်ဖြင့် လာရောက်ခြင်း မဟုတ်ကြောင်း ဆင်တက်မော်ရဲကင်းစခန်းမှ သိရသည်။
ဆင်တက်မော် ရဲကင်းစခန်းမှ ရဲအုပ် ကျော်စိန်က “သူတို့ထွက်သွားတာက မနက် ၇ နာရီလောက်ကလို့ သိရတယ်။ ကလေးတွေရော အားလုံး ၄၀ လောက် ရှိတယ်လို့ ဆိုတယ်။ ကျွန်တော်တို့ကို အကြောင်းကြားပြီး ထွက်သွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ သတင်းပို့တာလည်း မရှိဘူး။ အရင်ကတည်းက သူတို့က အဲဒီလိုမျိုး သွားနေတာပါ။ စစ်တွေဘက်မှာ စက်လှေမြုပ်တယ်လို့သာ ကျွန်တော်တို့ ကြားပါတယ်။ ကျွန်တော်တို့ ခွင့်ပြုချက်နဲ့ သွားတာလည်း မဟုတ်ပါဘူး” ဟု ပြောကြားသည်။
ယင်းသို့နစ်မြုပ်မှုတွင် မည်သည့်အကြောင်းကြောင့် နစ်မြုပ်သည်ကို အသေးစိတ် မသိရသေးသော်လည်း နစ်မြုပ်ရာတွင် ကလေးငယ်၊ အမျိုးသမီးနှင့် အမျိုးသားများလည်း ပါဝင်ကြောင်း လတ်တလော သတင်းအရ အလောင်း ၁၈ လောင်း ရရှိထားပြီးဖြစ်ကာ ၁၉ ဦးအား ကယ်တင်နိုင်ခဲ့သော်လည်း ပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း သိရသည်။
“သူတို့ကတော့ ဈေးဝယ်ဖို့လာတာ၊ အလည်အပတ် သဘောမျိုးလို့ ပြောတယ်။ စစ်တွေမြို့နယ် သဲချောင်းအ၀င်မှာ ရေလှိုင်းတွေကြီးပြီး လှေနစ်မြုပ်သွားတာလို့ ဆိုတယ်။ နောက်ဆုံးစာရင်း အရတော့ ၁၈ ယောက် သေပြီး ၁၉ ယောက် ကယ်တင်နိုင်ခဲ့တယ်။ ကျန်လူတွေကတော့ ပျောက်ဆုံးနေသေးတယ်။ အားလုံးက ၄၀ လောက် ပါလာတယ်လို့ သိရပါတယ်” ဟု စစ်တွေမြို့ မြို့မရဲစခန်းမှ ရဲအုပ်အေးခင်မောင်က ဆိုသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့၊ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် ၄/၂၀၁၆ အရ အမှုဖွင့်ထားကြောင်းနှင့် ပဲ့နင်းမောင်ကြီး အပါအ၀င် ၁၈ ဦး သေဆုံးခြင်းဖြစ်ကြောင်းနှင့် ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်က ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment