Wednesday, April 20, 2016

တရုတ် CNICO ကုမ္ပဏီက နှစ် (၃၀) လုပ်ကိုင်ခွင့် ရထားသော တကောင်းတောင် နီကယ်စီမံကိန်း၌ ဖြစ်ပေါ်နေသည့် ပြဿနာများ ဖြေရှင်းပေးရန် လွှတ်တော်သို့ တင်ပြတောင်းဆိုမည်

ထီးချိုင့်မြို့နယ် မောင်းကုန်းဒေသရှိ တကောင်းတောင် နီကယ်စီမံကိန်း တစ်နေရာအား ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ တကောင်းတောင် နီကယ်စီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိနေသော အဘက်ဘက်မှ ပြဿနာများစွာကို ဖြေရှင်းပေးနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှတစ်ဆင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မောင်းကုန်းနယ် ဒေသခံများနှင့် စီမံကိန်းလုပ်သားများ၏ ဆက်သွယ် ပြောကြားချက်အရ သတင်းရရှိသည်။
တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော CNICO က နှစ် ၃၀ စာချုပ်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားသည့် နီကယ်စီမံကိန်းမှာ လျော်ကြေးမဲ့ မြေယာသိမ်းဆည်းမှု၊ ပတ်ဝန်းကျင်ဆိုးကျိုး သက်ရောက်မှု မြင့်မားခြင်းနှင့် စီမံကိန်းရှိ မြန်မာလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံရသည့် အနေအထားများ ရှိနေခဲ့ပြီး အစိုးရသစ်အနေဖြင့် ယင်းအခြေအနေကို မျှတစွာ ဖြေရှင်းပေးရန် မျှော်လင့်ကြောင်း ဒေသခံတို့က ဆိုသည်။
"စီမံကိန်း စကတည်းက ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ အဓမ္မမြေယာ သိမ်းဆည်းခံရတယ်။ ခြိမ်းခြောက်မှုတွေ ကြုံရတယ်။ စီမံကိန်းက စွန့်ပစ်မြေစာတွေက စိုက်ခင်းတွေပေါ် ဖုံးလွှမ်းတာကြောင့် နှစ်စဉ်သီးနှံ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်။ နောက်ပြီး ဒေသခံတွေ ပိုင်ဆိုင်တဲ့ တောင်တွေကို လူတစ်စု အကျိုးစီးပွားအတွက် ဖြိုဖျက်တာ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းမပေးတာ၊ ပြောရရင် ဒုက္ခရောက်တာတွေက အများကြီးပဲ။ အရင်ကတည်းက ဒီပြဿနာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တင်ပြခဲ့ပေမယ့် လျစ်လျူရှုခံခဲ့ရတယ်။ ခုအရပ်သား အစိုးရသစ် လက်ထက်မှာတော့ ဥပဒေအတိုင်း မျှမျှတတ ဖြေရှင်းပေးဖို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်ပါတယ်" ဟု မြေယာသိမ်းဆည်း ခံခဲ့ရသည့် ဒေသခံဦးမြင့်က ပြောကြားသည်။
ဒေသခံတို့၏ ဘိုးဘွားပိုင်မြေယာဧက သုံးထောင်ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့သော စီမံကိန်းကြောင့် တောင်သူ ၁၅၀ ခန့်မှာ လက်မဲ့အနေအထား ဖြစ်သွားခဲ့ပြီး ဆိပ်ခံဆောက်လုပ်ရန်အတွက် ထူးကုမ္ပဏီကလည်း မြေယာ၂၅ ဧကခန့် သိမ်းဆည်းခဲ့ကြောင်း၊ မြေယာသိမ်းဆည်းရာတွင် သတ်မှတ်ဧရိယာထက် ပိုမိုသိမ်းဆည်းမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
"တရုတ် CNICO ကုမ္ပဏီအပြင် ထူးကလည်း ကျွန်တော် အပါအ၀င် တောင်သူ ခြောက်ဦးပိုင်ဆိုင်တဲ့ မြေတွေကို ဆိပ်ခံဧရိယာအတွက် ခြိမ်းခြောက်သိမ်းဆည်းခဲ့တယ်။ ဌာနဆိုင်ရာတွေကို စာတင်ပြခဲ့လို့ လာရောက်စစ်ဆေးပေမယ့် အခုထိဘာမှ ဖြေရှင်းမပေးသေးဘူး။ မြေသိမ်းတာမှာလည်း ၃ ဧကဆိုပြီး ၅ ဧက သိမ်းတာမျိုးတွေ လုပ်ခဲ့တယ်" ဟု မြေသိမ်းခံ တောင်သူ ဦးအေးက ဆိုသည်။

ထီးချိုင့်မြို့နယ် မောင်းကုန်းဒေသရှိ တကောင်းတောင် နီကယ်စီမံကိန်း ဒေသအား ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ်
အထက်ပါမြေယာနှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများအပြင် စီမံကိန်းရှိ ထောင်ချီသော မြန်မာလုပ်သားများအပေါ် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ခွဲခြားဆက်ဆံခံရခြင်းများ ရှိနေကြောင်းနှင့် ယင်းအခြေအနေများကိုလည်း ထီးချိုင့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှတစ်ဆင့် လွှတ်တော်သို့ တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း လုပ်သားများက ဆက်သွယ်ပြောကြားသည်။
"ဒီစီမံကိန်းမှာ ရာထူးတူ၊ အနေအထားတူ မြန်မာလုပ်သားနဲ့ တရုတ်လုပ်သားရဲ့ ရပိုင်ခွင့်တွေကို အဆများစွာ ခွဲခြားထားတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရ နေရာပေးတာမျိုး မဟုတ်ဘဲ မြန်မာလူမျိုးဆိုရင် ဘာဘွဲ့ရရ၊ ဘယ်လောက်ပဲ လုပ်ငန်းကျွမ်းကျင်နေနေ အောက်ခြေ၀န်ထမ်းအဖြစ်ပဲ ထားတယ်။ ထမင်းစားလက်မှတ်၊ ၀န်ထမ်းအိပ်ဆောင်၊ အင်တာနက်လိုင်းလို အခြေခံ ခံစားခွင့်က အစလုပ်ခလစာအထိ အောက်ခြေ တရုတ်ဝန်ထမ်းက ကျွန်တော်တို့ထက် အစစအရာ ရာခံစားခွင့် ပိုရှိတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကာကွယ်မှုလည်း တော်တော်အားနည်းတယ်။ ဒီအခြေအနေတွေကို သက်ဆိုင်ရာ ဌာနတွေက လျစ်လျူရှုထားတဲ့အတွက် အစိုးရသစ်ကို တောင်းဆိုဖို့ လုပ်ရတာပါ။ ဖြေရှင်းပေးမယ်လို့ ယုံကြည်ပါတယ်" ဟု ကုန်ကြမ်းဌာနမှ မြန်မာလုပ်သား ကိုကျော်ကြီးက ဆိုသည်။
ထို့ပြင် နီကယ်စက်ရုံအတွင်း တရုတ်လူမျိုးများ အနေဖြင့် အစစ်အဆေးမရှိ လွတ်လပ်စွာ ၀င်ရောက်နိုင်သော်လည်း မြန်မာလူမျိုး ဆိုပါက စစ်စစ်ပေါက်ပေါက် စစ်ဆေးမှုများရှိကြောင်း၊ လုပ်ငန်းခွင် အ၀င်အထွက် လက်မှတ်ရေးထိုးရာတွင် တရုတ်ဘာသာစကားဖြင့်သာ ရေးထိုးစေခိုင်းခြင်းများအပေါ် မကျေနပ်ကြောင်း၊ စီမံကိန်းကြောင့် မြန်မာလုပ်သားသုံးဦး သေဆုံးခဲ့ရသော်လည်း သတင်းထုတ်ပြန်မှုများမှာ မှန်ကန်မှု မရှိခဲ့ကြောင်းနှင့် စီမံကိန်းစတင်သည်မှာ လေးနှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် လက်ရှိအချိန်ထိ တရားဝင် ဖွင့်လှစ်ခြင်း မရှိသေးကြောင်း စီမံကိန်းလုပ်သားများက ဆက်လက်ပြောကြားသည်။
တကောင်း နီကယ်စီမံကိန်းသည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း နယ်နိမိတ် ထိစပ်ရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသတွင် တည်ရှိပြီး ယင်းစီမံကိန်းမှ တစ်နေ့လျှင် ပျမ်းမျှနီကယ်တန်ချိန် ရာချီကာ ထုတ်လုပ်လျက် ရှိသည်။

Writer: 
ရဲရင့်အောင်

No comments: