Friday, January 15, 2016

ပင်လုံစာချုပ်မူကို အခြေခံသည့် ဗမာကို တပြည်နယ် ပေးမည့် ၈ ပြည်နယ် ဖက်ဒရယ်မူ အပေါ် NLD မနှစ်သက်သည့် သဘော ပြောဆို

ပင်လုံစာချုပ်မူကို အခြေခံသည့် ဗမာကို တပြည်နယ် ပေးမည့် ၈ ပြည်နယ် ဖက်ဒရယ်မူ အပေါ် NLD မနှစ်သက်သည့် သဘော ပြောဆို ---- --- --- စိုင်းထွန်းအောင်လွင် ဗမာလူမျိုးများကို တပြည်နယ်အဖြစ် သတ်မှတ်ပေးပြီး တိုင်းရင်းသားလူမျိုးအမည်နာမ ဖြင့် ပြည်နယ်သတ်မှတ်ပြီးဖြစ်သော လက်ရှိပြည်နယ် ၇ ပြည်နယ်နှင့်ပေါင်း၍ ၈ ပြည်နယ် ညီတူညီမျှမူ ဖွဲ့စည်းမှုဖြင့်သွားမည့် ၈ ပြည်နယ်စနစ်ကို အခြေခံသော ဖက်ဒရာယ်ပြည်ထောင်စု ပုံစံမှာ မဖြစ်နိုင်ကြောင်း ကြိုက်နှစ်သက်မှုမရှိကြောင်း ယနေ့ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတုတ္တနေ့တွင် အန်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များက ပြောဆိုသည်ဟု ညီလာခံတက်ရောက်နေသော ကိုယ်စားလှယ်များက The ladies news သို့ ပြောသည်။ ‘ NLD က ဦးဥာဏ်ဝင်းရော ပြည်ခိုင်ဖြိုးက ဦးမြင့်စိုး ( ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ) တို့ကပါ ဒီကနေ့ ကျင်းပတဲ့ အစုအဖွဲ့ဆွေးနွေးတဲ့ ဆွေးနွေးမှုတွေမှာ ၈ ပြည်နယ်မူကို မနှစ်သက်တဲ့ သဘောပြောနေတယ် ‘ ဟု နိုင်ငံရေးကဏ္ဍ အစုအဖွဲ့များတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကိုယ်စားလှာယ် အဖြစ် တက်ရောက်ခဲ့သူ ဦးစိုင်းထွန်းအေးက ပြောသည်။ ပင်လုံစာချုပ်ကို အခြေခံပြီး ရှမ်းမူကို အခြေခံသည့် အဆိုပါ ၈ ပြည်နယ် ဖက်ဒရာယ်စာတမ်းမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပနေဆဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းမူအရ အမျိုးသားလွှတ်တော်ကို လူဦးရေတူညီစွာထားရှိပြီး ပြည်သူလွှတ်တော်မှာ မြို့နယ်ကို အခြေခံ၍ လွှတ်တော်နှစ်ရပ်မှာ အာဏာတူရမည့်ယင်း ၈ ပြည်နယ်မူတွင် ပြည်နယ်လွှတ်တော်များကိုလည်း ထားရှိရမည်ဖြစ်ပါသည်။ ပြည်နယ်အစိုးရများကို အာဏာခွဲဝေရေးပေးရမည့် အပြင် တရားစီရင်ရေး အာဏာကိုလည်းအပြည့်ဝ အပ်နှင်းကာ တန်းတူရည်တူရှိရမည့် ဗမာ တကျပ် တိုင်းရင်းသား တကျပ် ဟူသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ မူကို အခြေခံခြင်း ဖြစ်သည်ဟု SNLD ပါတီ တာဝန်ရှိသူက ဆိုသည်။ လက်ရှိလွှတ်တော်နှစ်ရပ်မှာ အာဏာညီတူမျှတူမရှိပဲ အမျိုးသားလွှတ်တော်တွင် ပယ်ချထားသော်လည်း လူအရေအတွက်များသည့် ပြည်သူ့လွှတ်တော်က သဘောတူညီပါက ယင်းအဆိုများ ဥပဒေများမှာ အတည်ပြုနိုင်နေပါသည်။ ထို့အပြင် ပြည်မနေ ဗမာလူမျိုးများ အများစု နေထိုင်သည့် တိုင်း မှာ ၇ တိုင်းရှိနေပြီး ပြည်နယ်နှင့်တိုင်းဒေသကြိးဖွဲ့စည်းမှုတွင်လည်း အဓိက တိုင်းရင်းသားမျိုးနွယ်စု တစ်စုစီအတွက် တပြည်နယ်စီသာ ရှိနေပြီး ဗမာ ၇ ကျပ် တိုင်းရင်းသား ၁ ကျပ်ဆိုသည့် သဘောသက်ရောက်နေသည်ဟု တိုင်းရင်းသားအင်အားစုများက ဆိုပါသည်။ ယင်းအပြင် လက်ရှိပြည်နယ်ဝန်ကြီးချုပ်များမှာလည်း လူထုဆန္ဒအရရွေးချယ်ခြင်းမဟုတ်ပဲ ပြည်နယ်များတွင် သယံဇာတခွဲဝေမှု ၊ အခွန်ကောက်ခံခွင့် ၊ ဥပဒေပြုခွင့်မှာလည်း မေးခွန်းထုတ်စရာ အခြေနေဖြစ်နေပါသည်။ ‘သူတို့အန်အယ်လ်ဒီက အရင်ကတည်းကလည်း ၈ ပြည်နယ်မူကို မကြိုက်ဘူး အခုက နိုင်ငံရေးအခြေနေအရရော စဉ်းစားပြီး ဆုံးဖြတ်ပုံပေါ်တယ်။ နောက်ပိုင်း အာဏာရသွားပြီးရင်လည်း တမျိုးပြောင်းစဉ်းစားသင့် ပြောင်းစဉ်းစားမယ်ထင်တယ် လုံးဝ ဖက်ဒရယ်လက်မခံတဲ့ သဘောတော့ မဟုတ်လောက်ဘူး ‘ နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။ နှစ် ၆၀ ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်မှာ ပင်လုံစာချုပ်ကတိက၀တ်ချိုးဖောက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု လေ့လာသူများက ဆိုပါသည်။ ယနေ့ ဆွေးနွေးမှု နှင့် ပတ်သက်ပြီး အန်အယ်လ်ဒီပါတီ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးဥာဏ်ဝင်းအား The Ladies မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရခဲ့ချေ။ The Ladies News ယနေ့ကျင်းပသော ညီလာခံမြင်ကွင်း

No comments: