Friday, January 15, 2016

လူထုခေါင်းဆောင်နဲ့အတူ လိုက်ပါကြမယ်ဆိုရင်

လူထုခေါင်းဆောင်နဲ့အတူ လိုက်ပါကြမယ်ဆိုရင် ------ ------ ------ ------ ------ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ တောင်ပြိုကမ်းပြိုအနိုင်ရရှိသွားတာကို အဓိကကျေးဇူးတင်ရမှာက ပထမက ပြည်သူ၊ ဒုတိယက မီဒီယာပါ။ ဒါဟာငြင်းပယ်လို့မရတဲ့ အချက်ပဲဖြစ်ပါတယ်။ မြန်မာတင်မက ကမ္ဘာက ပါ သိရှိအသိမှတ်ပြုခဲ့တာပါ။ အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကမ္ဘာက အံ့သြယူလောက်အောင် ရဟန်းရှင်လူ တိုင်းရင်း သားပြည်သူအပေါင်းဟာ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်လာတဲ့ အာဏာရှင်စနစ်ကို အသည်းကြားကမဲတပြားနဲ့ ဇာတ်သိမ်းပစ်လိုက်နိုင်ပြီး မိမိတို့အလိုရှိတဲ့ NLD ပါတီကို တင်မြှောက်နိုင်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ တိုင်း ပြည်ရဲ့စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာသမားအားလုံး တာဝန်ကျေခဲ့ပါတယ်။ ပြည်သူနဲ့အတူ မားမားမတ်မတ်ရပ် တည်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့ မီဒီယာဟာ သမိုင်းမှာမကြုံဘူးလောက်အောင်ကို တာဝန်ကျေပွန်လွန်းလှတယ် ပြောရ မှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပြည်သူနဲ့အတူရပ်တည်ပြီးတော့ ပြည်သူအားလုံးလိုလားသော အရပ်သား အစိုးရစစ်စစ်ရရှိရေးအတွက် NLD ပါတီဘက်က ပေါ်ပေါ်ထင်ထင်ဘက်လိုက်ပြီးကို ရပ်တည်ခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကရော ရွေးကောက်ပွဲပြီးကြီးပြီးသွားတဲ့ ဒီနေ့အထိ မီဒီယာအားလုံးဟာ တာဝန်ကျေဆဲ ဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း တာဝန်ကျေဦးမှာပဲဖြစ်ပါတယ်။ ဒီတာဝန်ကျေမှုကို အနိုင်ရရှိသွားတဲ့ NLD ပါတီ အပါဝင် ပြည်သူအားလုံးအနေနဲ့ အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ NLD ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ဟာ RFA သတင်းဌာနနဲ့ အမေးအဖြေပြုလုပ်တဲ့နေရာမှာ မီဒီယာအား ရန်သူသဖွယ်မောက်မာစွာပြော ဆိုဖြေကြားလိုက်တာဟာ အားလုံး ကြားမှာ ဝေဖန်ပြောဆိုမှုတွေ ဆူညံသွားစေခဲ့ပါတယ်။ RFA သတင်းဌာနနဲ့ မေးမြန်းဖြေကြားမှုကို ပြန်ပြောပြ ရရင် - RFA- NLD ရဲ့ သမ္မတ၊ အစိုးရအဖွဲ့တွေမှာ ဘယ်သူတွေပါမယ် ဘယ်သူတွေနဲ့ဖွဲ့စည်းပါမယ်ဆိုတာ မကြေညာ နိုင်တဲ့အပေါ်မှာ တချို့လည်း မေးခွန်းတွေထုတ်နေကြတာ တွေ့ရပါတယ် ခင်ဗျား။ တကယ်ပဲ အန်ကယ်တို့ ဘက်က အချိန်စောနေသေးတယ်ဆိုပြီး ထုတ်မကြေညာသေးတာလား အဆင်သင့်မဖြစ်တာလားဆိုတာ သိပါရ စေလားခင်ဗျ။ ဒီမေးခွန်းကို ဦးဝင်းထိန်က ဒေါကြီးမောကြီးနဲ့ အောက်ပါအတိုင်း ရန်တွေ့သလိုဖြေကြားခဲ့ပါတယ်။ ဦးဝင်းထိန် - အဲဒီမေးခွန်းတွေထုတ်တဲ့သူတွေရော ခင်ဗျားတို့သတင်းဌာနတွေရော သိစေချင်တာက ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအစိုးရဖြစ်ဖို့ဆိုတာ နှစ်ပေါင်း (၂၇)နှစ် (၂၈)နှစ်လောက် ဘ၀တွေနဲ့ ရင်းပြီး ရုန်းကန်လာတဲ့ ရလဒ်။ အဲဒီရလဒ်ကို ခင်ဗျားတို့သတင်းဌာနက ငါးမိနစ်ဆယ်မိနစ်စာလေးနဲ့ ကျွန်တော် တို့ကိစ္စတွေ ရှုပ်ယှက်ခတ်တာတွေ အဖြစ်မခံနိုင်ဘူး။ မလိုအပ်ဘဲနဲ့ဝေဖန်တာတွေ ထင်မြင်ချက်တွေ သတင်းဆောင်းပါးရေးတာတွေ ထည့်တာမဖြစ်စေချင်ဘူး။ ဒါကြောင့်မို့ လိုအပ်လို့ လျှို့ဝှက်ထားတာ မလိုအပ်ရင်မလုပ်ဘူး။ အဲ့ဒါကြောင့် တရားဝင်ကြေညာတဲ့အထိ ခင်ဗျားတို့သည်းခံပြီးစောင့်။ နောက် RFA က ဘယ်တော့လောက်များ ကြေညာဖြစ်မလဲ ဆိုတာမေးတဲ့အခါမှာလဲ အဲဒီမေးခွန်းက လွန်သွားပြီ ပြောပြီး ကျုပ်တို့ပြောချင်တဲ့ အချိန်ပြောမယ်ဆိုတဲ့ပုံစံမျိုး ပြောဆိုခဲ့တဲ့အပြင် ခင်ဗျားတို့ ဘယ်လောက်ဝေဖန် ဝေဖန် ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုး ပြောဆိုခဲ့ပါတယ်။ ကဲစဉ်းစားကြည့်ရအောင် RFA ကမေးတဲ့ မေးခွန်းပါ ဘယ် နေရာမှာ လွန်သွားတာရှိပါသလဲ။ ရိုင်းတဲ့စကားလုံးပါပါသလား။ RFA က မေးတဲ့ မေးခွန်းဟာ ပြည်သူတွေထဲမှာ သာမက ကမ္ဘာကပါ သိချင်နေကြတဲ့ အကြောင်းအရာပါ။ ဒါကို ပြည်သူကိုယ်စား သတင်းမီဒီယာက ကိုယ်စားမေးပေးတာပဲ ဖြစ်ပါတယ်။ မီဒီယာဆိုတာ မီဒီယာအလုပ် လုပ်မှာပါပဲ။ နိုင်ငံရေးသမားက နိုင်ငံရေးသမားအလုပ်လုပ်ပါ။ အားလုံးဟာ တိုင်းပြည်အတွက် အလုပ်လုပ်နေ ကြတာပဲ ဖြစ်ပါတယ်။ မီဒီယာသမားက ပြည်သူတွေသိချင်တာကို မေးမြန်းဖြေကြားပေးရမှာပဲ ဖြစ်ပါတယ်။ မမေးသင့်တဲ့ မေးခွန်းလို့ သတ်မှတ်ထားတာမရှိဘူး။ ထို့အတူ အမေးခံရတဲ့လူကလည်း ဖြေရမယ်လို့ ဥပဒေ ထုတ်မထားဘူး။ ဒါကြောင့် ဖြေချင်ဖြေ မဖြေချင်မဖြေနဲ့ပေါ့ မဟုတ်ဘူးလား။ ဒါကို ပါတီခေါင်းဆောင်တဦးဖြစ်သူ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူတဦးက အာဏာရှင်ဆန်ဆန် ရန်တွေ့ပြောဆို ဖြေကြားလိုက်တာဟာ မီဒီယာလောကကို စော်ကားလိုက်တာနဲ့အတူတူပါပဲ။ မီဒီယာဟာ ပြည်သူကို ကိုယ်စား ပြုတဲ့အတွက် တနည်းအားဖြင့် ပြည်သူကိုစော်ကားလိုက်သလို ဖြစ်နေပါတယ်။ နောက် ဦးဝင်းထိန်က ပြောသွားတဲ့စကားတွေထဲမှာ အခုလို ဒီမိုကရေစီအစိုးရဖြစ်လာဖို့ဆိုတာ နှစ်ပေါင်း (၂၇)နှစ် (၂၈)နှစ်လောက် ရင်းလာရတာတို့ ဒီမိုကရေစီရဖို့အရေးအတွက် လက်လေးတောင်မမြှောက်ခဲ့ဘူးတဲ့ လူတွေလို့ ပြောကြားခဲ့ပါသေးတယ်။ ဦးဝင်းထိန်ကိုပြောချင်တာက အခုလိုမျိုးရလဒ်ဖြစ်လာဖို့ ဘ၀တွေရင်းလာ တာဟာ ခင်ဗျားတို့တင် မဟုတ်ဘူးဆိုတာပါပဲ။ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ အသက်တွေဘ၀တွေ အများကြီး ပေးဆပ်လာခဲ့ရတာပါ။ ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့တဲ့ ပြည်သူတွေရဲ့လမ်းမပေါ်က သွေးတွေတောင် ခုထိမခြောက်သေးပါဘူး။ ဒီနေ့ထိလည်း ဖမ်းဆီးထောင်ချခံနေရဆဲ ဖြစ်ပါတယ်။ ဒီလိုပေးဆပ် ခဲ့တဲ့ ပြည်သူတွေက ကိုယ်မဲပေးပြီး တင်မြှောက်လိုက်တဲ့ အစိုးရရဲ့လုပ်ဆောင်မှုလေးတွေကို သိချင်တာ မလွန် ပါဘူး။ မသိရလို့လည်း ပြည်သူက ဘာအပြစ်မှပြောနေတာမဟုတ်ပါ။ ဒါကို ရန်သူသဖွယ် ပြောဆိုဖြေကြားတာ ဟာ ပြည်သူတွေကို စိတ်ပျက်ဖွယ်ဖြစ်စေပါတယ်။ ဒါကို ဦးဝင်းထိန်နားလည်ဖို့ လိုပါတယ်။ နောက် မီဒီယာတွေကို ပါတီကိုဝေဖန်တဲ့ သတင်းဆောင်းပါးတွေ ရေးတာမလုပ်ဖို့ပြောပါတယ်။ ဒါဟာ မီဒီယာ သမားတွေကိုမပြောနဲ့ မရေးကြနဲ့ပါးစပ်ပိတ်ထားလို့ အမိန့်ပေးတားမြစ်လိုက်တာပဲဖြစ်ပါတယ်။ ဒါဟာ အာဏာ ရှင်ဆန်တဲ့စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ မီဒီယာသမားအစစ်အမှန်ဆိုတာ ရေးသင့်တာကိုရေးမယ် ပြောသင့်တာကို ပြောပါမယ်။ ပြည်သူမျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုပါဘူး။ မီဒီယာတွေရေးတိုင်း ပြည်သူက အကုန်မယုံပါဘူး ပြည်သူက အဖြူအမည်းခွဲခြားတတ်ပါတယ်။ မအ,ပါဘူး။ ဘယ်မီဒီယာက ဘယ်လိုရှိ တယ်ဆိုတာ ပြည်သူအားလုံးက သိပြီးသားပါ။ ဒါကို နားလည်ဖို့လိုပါတယ်။ (သတင်းသမားက မေးခွန်းလေးမေးတာကို ဆတ်ဆတ်ထိမခံ တုံ့ပြန်ခဲ့တဲ့ ဦးဝင်းထိန်တို့ အတုယူဖို့တခု ပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံသို့ မဲပေးလာတဲ့ သမ္မတကြီးနဲ့ကာချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့ကို သတင်းသမားတွေက ဒီရွေးကောက်ပွဲမှာ တကယ်လို့ရှုံးသွားရင် ရလဒ်အပေါ် ဘယ်လိုသဘောထားမှာလဲ မေးခဲ့ပါတယ်။ ကဲ စဉ်းစားကြည့်ပါ။ အနိုင်ရရမယ်ဆိုတဲ့စိတ်အပြည့်နဲ့ မိမိပါတီ အတွက် မင်္ဂလာယူပြီး မဲလာထည့်တဲ့သူကို ရှုံးခဲ့ရင်ဆိုတဲ့ ဒီလိုမေးခွန်းမေးခဲ့တာ တဖက်သားအနေနဲ့ ဘယ် လောက်ခံရခက်လိုက်မလဲ။ ဒါပေမဲ့ သမ္မတကြီးရော ကာချုပ်ရော ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြေကြားသွားခဲ့တယ်။ ဒီနေရာမှာ ဦးဝင်းထိန်သာဆို ဘယ်လိုများနေမလဲစဉ်းစားကြည့်ပါ။) ဒီနေ့ အာဏာမလွှဲပြောင်းမီ စပ်ကူးမပ်ကူးကာလမှာ ပြည်သူရော၊ မီဒီယာယာသမားများကပါ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့အတွက် အားလုံးက ထိန်းထိန်းသိမ်းသိမ်းပြောဆိုနေထိုင်ကြတာ အားလုံးအသိပဲဖြစ်မှာ ပါ။ ဒါပေမဲ့ အဓိကတာဝန်ရှိတဲ့ ပါတီခေါင်းဆောင်တယောက်က ခုလိုမျိုး မထိန်းမသိမ်း လက်လွတ်စပယ်ပြော ဆိုလိုက်တာဟာ ပါတီပုံရိပ်ကို များစွာထိခိုက်စေခဲ့ပါတယ်။ ဦးဝင်းထိန်အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အချို့ဟာ ပါတီဝင်များ ပြည်သူများ မီဒီယာများနဲ့ဆက်ဆံတဲ့အခါ အာဏာရှင်ဆန်ဆန် မောက်မာစွာဆက်ဆံမှု မကြာခဏပြောဆိုနေတာတွေ့ရပါတယ်။ မိတ္ထီလာ အရေးအခင်း တုန်းက လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားလာတဲ့ကိစ္စမှာ ဆန္ဒပြတာနဲ့ပတ်သတ်ပြီး မိမိမဲဆန္ဒနယ် မိတ္ထီလာမြို့ခံ ပြည်သူတွေအပေါ် ချိုးချိုးနှိမ်နှိမ်ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လွှတ်တော်မှာ ဦးဝင်းထိန်ဟာ မိမိကို ရွေးကောက်တင်မြှောက်လိုက်တဲ့ မိတ္ထီလာအတွက် မည်သို့အကျိုးကျေးဇူးပြုခဲ့ဖူးတာ ရှိခဲ့ပါသလဲ။ မိမိကိုရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒရှင် မိတ္ထီလာမြို့ခံတွေကကို မိမိအပေါ် ဘယ်လိုသဘောထား ရှိသလဲဆိုတာ ဦးဝင်းထိန် အသိဆုံးဖြစ်မှာပါ။ ယခု ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးဝင်းထိန်ရဲ့ မဲဆန္ဒနယ်မှာ NLD ပါတီတနေရာမှ အနိုင်မရရှိဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ရတဲ့အကြောင်းအရင်းတွေထဲမှာ ဦးဝင်းထိန်ရဲ့ ပယောဂ မကင်းဘူးဆိုတာ သိစေချင်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး မကျေနပ်သော ပါတီဝင်များ ကို အာဏာရှင်ဆန်စွာ ထုတ်ပစ်တဲ့အပြင် ထိုထုတ်ပစ်လိုက်တဲ့ပါတီဝင်များကို ပါတီရဲ့အမှိုက်တွေလို့ စော်ကား မော်ကားပြောဆိုခဲ့ပါသေးတယ်။ နောက် ထောင်ကျဖူးတာဟာ အရည်အချင်းမဟုတ်ဘူးလို့ နိုင်ငံရေးသမားတွေ ကို ၀ါးလုံးသိမ်းပြောခဲ့လို့ အကျဉ်းကျနိုင်ငံရေးသမားတွေကြားမှာ ဝေဖန်ပြောဆိုမှုတွေ မကျေနပ်ချက်တွေ ဖြစ်ခဲ့ ရပါတယ်။ ဒီလိုလက်လွတ်စပယ် နိုင်ငံရေးသမားမပီသစွာ ပြောဆိုနေမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားနေတဲ့ဒီမိုကရေစီလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူမကိုချစ်ရင် ဝေဖန်ပေးကြပါလို့ ဒီမိုကရေစီဆန်စွာ ဖွင့်ထားပေးခဲ့ပေမယ့် ပါတီဗဟိုအလုပ်အမှု ဆောင်အချို့ကတော့ ဝေဖန်မှုကို လက်မခံနိုင်ဘဲ အာဏာရှင်စိတ်ပေါက်နေတာဟာ လုံးဝမဖြစ်သင့်ပေ။ အာဏာရှင်စနစ်ကို တိုက်ဖျက်မယ့် ဒီမိုကရေစီပါတီတခုက ဒီမိုကရေစီ စံနှုန်းနဲ့ကင်းကွာနေတာ စိတ်မကောင်းစရာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ယခုကြားကာလအချိန်တွင်းမှာ ရွေးချယ်ခံအမတ်လောင်းများကို စကား မှားပါမှာစိုးလို့ မီဒီယာနဲ့တွေ့ဆုံစကားပြောခြင်း မပြုရဘူးလို့ ပြောတားမြစ်ထားပါတယ်။ ယခုစကား ပြောမှား ဆိုမှားဖြစ်နေတာက အမတ်လောင်းတွေမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ဘေးမှာရှိနေတဲ့ ပါတီခေါင်းဆောင် တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိရွေးချယ်ခန့်အပ်ထားတဲ့ ပါတီဗဟိုအလုပ်အမှု ဆောင်များရဲ့ ပြောဆိုဆက်ဆံမှုတွေကို သတိပေးထိန်းသိမ်းသင့်ပါတယ်။ အာဏာလွှဲပြောင်းရယူပြီးရင် ရှေ့ ဆက်လျှောက် မီဒီယာသမားတွေနဲ့ ဒီထက်ထိတွေ့ပြောဆိုဆက်ဆံကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူကို စကားပြောဆိုရာမှာ လိမ္မာပါးနပ်သော နိုင်ငံရေးပါးဝသော နိုင်ငံရေးသမားစစ်စစ် တယောက် အမြန်ဆုံးထားရှိစေချင်ပါတယ်။ နောက်စိတ်မကောင်းဖြစ်စရာတခုက NLD ပါတီကိုထောက်ခံပါတယ်ဆိုတဲ့ ပြည်သူအချို့ရဲ့ အပြုအမူပြောအဆို တွေပါပဲ။ ခုတလော ပါတီကို ဝေဖန်တဲ့ကာတွန်းဆရာတွေ သတင်းဆောင်းပါးရေးသူတွေကို ရန်သူသဖွယ်သတ် မှတ်ပြီး နှိပ်ကွပ်ပြောဆိုတုံ့ပြန်မှုတွေ တွေ့နေရပါတယ်။ ပါတီချစ်စိတ်ဟာ အစွန်းရောက်နေပါတယ်။ ဒီလုပ်ရပ် တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် စိုးရိမ်ဖွယ်ရာပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံရေးစနစ်နဲ့ပဲ အုပ်ချုပ်အုပ်ချုပ်မီဒီယာမရှိလို့ မဖြစ်ပါဘူး။ ရှင်းရှင်းပြောရရင် မီဒီယာဟာ ပြည်သူအတွက် အိမ်စောင့်ခွေးပါပဲ။ မီဒီယာဟာ ရန်သူမဟုတ်ပါ မိတ်ဆွေပဲဖြစ်ပါတယ်။ ဒါကြောင့် လူထုခေါင်းဆောင်နဲ့အတူ ဒီမိုကရေစီခရီးကို လိုက်ပါကြမယ့်သူတွေဟာ ပါတီနဲ့ပြည်သူ၊ ပါတီနဲ့မီဒီယာ ကင်းကွာသွားစေမယ့် အပြုအမူအပြောအဆိုတွေကို ရှောင်ရှားကြဖို့ အထူးလိုအပ်ပါတယ်။ ယနေ့ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ အာဏာရှင်စနစ်ကို ရွံရှာစက်ဆုပ်ပြီးမလိုချင်တော့လို့ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုယုံကြည်မှုအပြည့်ထားပြီး ကိုယ်စားလှယ်မကြည့်ဘဲ မျက်စိမှိတ်ပုံအော မဲပေးခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူတွေ တကယ်လိုချင်တာက ပြည်သူအပေါ် လေးစားတန်ဖိုးထားသောအစိုးရပဲဖြစ်ပါ တယ်။ ဒါကြောင့် အာဏာရှင်ဆန်တဲ့ အကျင့်စရိုက်တွေကို ပယ်ဖျောက်ကြရမှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံးအနေနဲ့လည်း မိမိတို့အသည်းကြားက မဲတပြားနဲ့ ပခုံးထမ်းတင်ပေးလိုက်တဲ့ NLD ပါတီရဲ့ ဒီမိုကရေလမ်းကြောင်း မယိမ်းယိုင်သွားဖို့ တည့်မတ်ထိန်းကြောင်းပေးဖို့လိုအပ်ပါတယ်။ လူထုခေါင်း ဆောင်ဦးဆောင်လျှောက်နေတဲ့ လမ်းကျောင်းကို သွေဖည်တိမ်းစောင်းအောင်လုပ်နေတဲ့သူတွေ ပူးသတ်နေတဲ့ သူတွေ နိုင်ငံရေး ကပ်ပါးကောင်တွေကို ပြည်သူအားလုံးမှ စောင့်ကြပ်ကြည့်ရှုဖော်ထုတ်ပေးရမှာပဲဖြစ်ပါတယ်။ ပါတီရဲ့အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ ပြုပြင်သင့်တာတွေကို ဝေဖန်ပြောဆိုပေးရပါမယ်။ ဒါဟာ ပြည်သူ အားလုံးမှာ တာဝန်ရှိပါတယ်။ ထိုအတူ ပါတီမှလည်း လူထုအသံကို တန်းဖိုးထား နားထောင်ပေးဖို့လိုပါတယ်။ ပါတီလုပ်သမျှ မျက်စိမှိတ် နားပိတ်ထောက်ခံပါတယ်လုပ်နေတာဟာ ပါတီကို ချစ်ရာမရောက် နှစ်ရာရောက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူပြောသမျှအားလုံး မှန်ပါတယ်၊ ထောက်ခံပါတယ် လုပ်နေတာ ကို မကြိုက်ပါဘူးလို့ပြောထားပါတယ်။ ဒီစကားဟာ ဒီမိုကရေစီစံနှုန်းနဲ့ ပြည့်ဝတဲ့ခေါင်းဆောင်တဦးရဲ့ စကားပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူထုခေါင်းဆောင်နဲ့အတူ ဒီမိုကရေစီခရီးလိုက်ပါကြမယ့် တိုင်းရင်းသားပြည်သူအားလုံးဟာ ဒီချုပ်ပါတီနဲ့အတူ အပြန်အလှန် ထိန်းကျောင်းပဲ့ပြင်ရင်း ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လက်တွဲညီစွာ လျောက်လှမ်းကြပါစို့။ ကျော်ကြီး(MDY)

No comments: