မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာသော လက်နက်ကိုင်တစ်စုရဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုအန္တရာယ်
ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာသော လက်နက်ကိုင်တစ်စုရဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုအန္တရာယ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒီနေ့ ဇန်န၀ါရီလ ၁၂ ရက်နေ့ကစတင်ပြီး ဇန်န၀ါရီလ ၁၆ ရက်နေ့ အထိ ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး စုံစုံညီညီ တက်ရောက်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က NCA လက်မှတ် ရေးထိုးခဲ့ပြီး လက်နက်ကိုင် ၇ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ လေ့လာသူ တစ်နည်းအားဖြင့် အထူးဧည့်သည်တော်အဖြစ် NCA မထိုးတဲ့ လက်နက်ကိုင် ၇ ဖွဲ့ အပါအ၀င် ၁၀ ဖွဲ့ကို အစိုးရက တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် NSCN(K) တစ်ဖွဲ့က လွဲလို့ ကျန်တဲ့အဖွဲ့တွေက မတက်ဘူးလို့ သိရပါတယ်။ ငါနဲ့မဆိုင်တဲ့ပွဲ ငါဘာလို့တက်ရမှာလဲဆိုတဲ့ ကလေး ကလားအတွးအမြင်တွေနဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေကိုလည်းစိတ်ပျက်ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်နိုင်ဖို့ နိုင်ငံရေးမူဘောင်ရေးဆွဲရေးအတွက် အခုလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပ ရတာပါ။ လက်နက်ကိုင်တစ်စုဟာ ရှေ့ကသွားပါဆိုတော့လည်း မသွားချင်ဘူး၊ နောက်ကလိုက်ပါဆိုပြန်တော့ လည်း မလိုက်ချင်ဘူး။ အတူတူလျှောက်ရအောင်လို့ လက်ကမ်းတော့လည်း မလျှောက်ချင်ဘူးဆိုပြီး ငြင်းတယ်။ ငြိမ်းချမ်းရေးယူချင်တဲ့ ဆန္ဒမရှိဘူးဆိုတာ ရှင်းနေတာပဲ။
ငြိမ်းချမ်းရေးမယူချင်ရင်လည်းနေဆိုပြီး လွှတ်ထားလို့မရပါဘူး။ အခုဆိုရင် NCA လက်မှတ်မထိုးလို့ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံမှာ ဧည့်သည်အဖြစ်သာ တက်ခွင့်ရတဲ့ လက်နက်ကိုင်တစ်စုဟာ ကြေညာချက်တွေ ထုတ်လာတယ်။ ပိုပြီး စိုးရိမ်စရာကောင်းတာက သူတို့တစ်တွေ စုပေါင်းပြီ အစိုးရကို အကျပ်ရိုက်အောင် လုပ်လာနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ NCA မထိုးတဲ့ UWSA၊ NDAA၊ SSPP/SSA၊ KNPP၊ NMSP၊ KIA အဖွဲ့တွေက တပူးတွဲတွဲလုပ်နေကြပြီ။ KIA ကလည်း အသုံးချခံအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ TNLA နဲ့ AA ကို အစိုးရတပ်တွေနဲ့ တိုက်ပွဲ မဖြစ် ဖြစ်အောင်ဖန်တီးနေပြီ။ အဲဒီအဖွဲ့ထဲမှာ MNDAA ကို ဆွဲသွင်းလိုက်သေးတယ်။ အဲဒီအဖွဲ့တွေအားလုံး ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ အခြေချလှုပ်ရှားနေကြတာ။ ငြိမ်းချမ်းရေးမလိုချင်တဲ့ လက်နက်ကိုင်တွေ စုပေါင်းနေတာဟာ တိုင်းပြည်အတွက် အန္တရာယ်ကြီးပါတယ်။ တစ်နည်းအားဖြင့် ငြိမ်းချမ်း ရေးကို ခြိမ်းခြောက်လာတဲ့အနေအထား ဖြစ်ပါတယ်။
အဲဒီလက်နက်ကိုင်တွေ ဘာကြောင့်ငြိမ်းချမ်းရေးမယူချင်တာလဲ ကြည့်ရအောင်ပါ။ သူတို့ရပ်တည်နေတာဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကို အဓိကထားစီးပွားရှာလို့ ရနေလို့ပါ။ ငြိမ်းချမ်းရေးယူရင် အဲဒီလိုစီးပွားရေး လုပ်ငန်းလုပ်လို့ မရတော့မှာကို သိလို့မယူချင်တာ။ လက်နက်ကိုင်ပြီး မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းနဲ့ စီးပွား ရှာတဲ့ အရသာကို လက်နက်ကိုင်တွေ မစွန့်လွှတ်ချင်ကြတော့ဘူး။ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းကနေ ရတဲ့ ငွေတွေနဲ့ လက်နက်တွေဝယ်ပြီး စစ်အင်အားတိုးချဲ့တယ်။ ဒေသခံတွေကို အတင်းအဓမ္မ လူသစ်စုပြီး လူအင်အားဖြည့်တယ်။ ဒေသခံလူငယ်တွေကို မူးယစ်ဆေးတွေနဲ့ စည်းရုံးပြီး တပ်ဖွဲ့ဝင်ဖြစ်အောင် သိမ်းသွင်း တယ်။ ဒီလက်နက်ကိုင်တွေအားလုံး အဲဒီလိုနည်းလမ်းနဲ့ လုပ်နေကြတာပါ။ လက်နက်အင်အား၊ လူအင်အား၊ စီးပွားရေးအင်အား တောင့်တင်းလာတော့ အစိုးရကို ပြန်တော်လှန်ဖို့ ခြေလှမ်းပြင်နေကြပြီ။ ဘာပေးမှ ညာပေးမှ ဆိုပြီး တောင်းဆိုလာကြပြီ။ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်းတွေကို မတားဆီးနိုင်သရွေ့ လက်နက် ကိုင်သူပုန်တွေဟာ အစိုးရကို ဒီထက်မက ဒုက္ခပေးလာဦးမှာ သေချာတယ်။
မဲခေါင်မြစ်ဝှမ်း ရွှေတြိဂံဒေသအတွင်းမှာ လက်နက်နဲ့ မူးယစ်မှောင်ခို ကုန်သွယ်မှုတွေကြောင့် တရားမ၀င် လက်နက်တွေဟာ မြန်မာနိုင်ငံထဲကို အဆက်မပြတ် စီးဝင်နေတယ်လို့ ဆိုပါတယ်။ လက်နက်မှောင်ခိုမှုဟာ တကယ်ပဲ မဲခေါင်မြစ်ဝှမ်းပေါ်မှာ ကြီးကြီးမားမားဖြစ်ပွားနေတာလို့ သိရပါတယ်။ အဓိကအားဖြင့် အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း တိုက်ပွဲတွေမဖြစ်ပွားတော့တဲ့ “၀” နဲ့ မိုင်းလားဒေသတွေဟာ မဲခေါင်မြစ်ဝှမ်းနဲ့ ဆက်စပ်နေတဲ့အတွက် လက်နက်မှောင်ခိုနဲ့ မူးယစ်ဆေးဝါးမှောင်ခို လမ်းကြောင်းတွေရှိနေတဲ့ နေရာလို့ ပြော နိုင်ပါတယ်။ ဖုန်ကြားရှင်ရဲ့သားမက်ဖြစ်သူ စိုင်းလင်းအုပ်ချုပ်နေတဲ့ မိုင်းလားနယ်မြေဟာ မဲခေါင်မြစ်ဝှမ်းနဲ့ ထိစပ် နေပြီး ဆွပ်ပလွေဆိုတဲ့ ရွာကနေ မဲခေါင်မြစ်ကိုဖြတ်ပြီး “၀” နယ်တဲ့အထိ လက်နက်တွေ သွင်းခဲ့ဖူးတယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် Janes Defence မဂ္ဂဇင်းက ဖော်ပြခဲ့ဖူးပါတယ်။ ဖြစ်ဖို့ သေချာ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “၀”နဲ့ မိုင်းလားဒေသနယ်နိမိတ်ထဲကို အလုံပိတ် ကွန်တိန်နာကားကြီးတွေနဲ့ လက်နက်ခဲယမ်းတွေ ညအချိန်မတော် သယ်ဆောင်လာတဲ့ မှတ်တမ်းဓာတ်ပုံတွေဟာလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
“၀”နဲ့ မိုင်းလားဒေသကနေ လက်နက်မှောင်ခိုတွေ တင်သွင်းနေသလို “၀”ဒေသထုတ် မူးယစ်ဆေးဝါးနဲ့ စိတ်ကြွ ရူးသွပ်ဆေးပြားတွေဟာလည်း တန်နဲ့ချီပြီးတော့ လာအိုဘက်ကို တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။ “၀” က တစ်ဆင့် လက်နက်တွေကို တခြားလက်နက်ကိုင်တွေဆီ ပြန်လည်ရောင်းချပေးနေတာလို့ ဆိုပါ တယ်။ သေချာတာကတော့ MNDAA၊ TNLA၊ SSPP/SSA၊ KIA၊ AA အဖွဲ့တွေမှာ ကိုင်နေတဲ့ လက်နက်တွေဟာ “၀” စစ်သားတွေ အသုံးပြုနေတဲ့ လက်နက်ငယ်၊ လက်ပစ်ဗုံးတွေနဲ့ အတူတူဖြစ်နေလို့ပါပဲ။ NCA မှာ လက်မှတ် ထိုးဖို့ ဖိတ်ခေါ်တော့ ဒီလက်နက်ကိုင်တွေ အတူတူငြင်းခဲ့ကြတယ်။ “၀”က ပန်ဆန်းမှာတောင် NCA မထိုးတဲ့ လက်နက်ကိုင် ၇ ဖွဲ့ကိုခေါ်ပြီး ညီလာခံလုပ်လိုက်သေးတယ်။ ဒီကိစ္စတွေ အပေးအယူလုပ်တာဖြစ်ပါတယ်။ အဲဒီလိုတွေ့ဆုံပြီး မကြာခင်မှာပဲ ရှမ်းတောင်မှာ အစိုးရတပ်တွေနဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်ပါလေရော။ SSPP/SSA ဘက်ကနေ “၀” နဲ့ KIA စစ်သားတွေလာပြီး ကူတိုက်ပေးတယ်လို့ သတင်းတွေလည်း ထွက်ပေါ် ခဲ့ပါတယ်။
မူးယစ်ရာဇာ “၀”တွေ စိုးမိုးချယ်လှယ်နေတဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုပြဿနာဟာ အလွန်အန္တရာယ် ကြီးလာနေပါပြီ။ အစိုးရကို “၀” ကဘာဖြစ်လို့ မထီလေးစား လုပ်သလဲ။ အဖြေက ရှင်းပါတယ်။ သူ့မှာ လူ၊ လက်နက်၊ အင်အားတောင့်တင်းနေလို့ပေါ့။ ပြီးရင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင် တောင်းလိုက် သေးတယ်။ အစိုးရကမပေးတော့ နောက်တက်လာမယ့် NLD အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး ပြောလာ ပြီ။ မိုင်းလားအဖွဲ့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ သတ်မှတ်ပေးဖို့ အသံထွက်လာပြီ။ KIA ကလည်း ၀မ်ပေါင်(ခေါ်) ကချင်နိုင်ငံတော် ထူထောင်ရေး စိတ်ကူးနဲ့ ရူးနေတုန်း။ KNPP ကလည်း ကရင်နီပြည်နယ် ထူထောင်ဖို့ ကယားမှာ လူထုတွေ့ဆုံပွဲတွေလုပ်နေတယ်။ AA ကလည်း ရခိုင်မှာ ဌာနချုပ်ရှိပါတယ်ဆိုပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့စကားထွက်လာပြီ။ MNDAA ကလည်း ကိုးကန့်ကို လစ်ရင်လစ်သလို တိုက်ဖို့ စိုင်းပြင်း နေလေရဲ့။ SSPP/SSA ကလည်း ၀မ်ဟိုင်းဒေသမှာ နယ်မြေရရင်ရသလို ချဲ့ထွင်ဖို့ ကြံစည်နေတာပဲ။ အဲဒီလို ကိုယ်ကျိုးအတ္တတွေနဲ့ သူပုန်တစ်စု စုပေါင်းပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုတွေလုပ်နေတာ ပိုပြီး ဆိုးဝါး လာဖို့ပဲ ရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တစ်စုရဲ့ အကြံအစည်ဟာ တိုင်းပြည်အတွက် အကြီးမားဆုံးစိန်ခေါ်မှု တစ်ရပ်ဖြစ် ပါတယ်။ သူတို့လိုချင်တဲ့ အခွင့်အရေးတောင်းကြည့်လို့ မပေးရင် ငြိမ်းချမ်းရေး မယူဘူး။ နောက်အစိုးရ တက်ရင်လည်း ဒီနည်းအတိုင်း ဆက်လုပ်မှာပဲ။ မရရင် စုပေါင်းပြီး အစိုးရကို ခြိမ်းခြောက်ဖိအားပေးမယ်။ အစိုးရ ကလည်း အစိုးရတပ်မတော်ကိုပဲ တိုက်ခိုင်းမှာပဲလေ။ ပြည်တွင်းစစ် ပဋိပက္ခဟာ ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူး။ နဂိုဓာတ်ခံကိုက သူပုန်စိတ်ရှိတဲ့ လူက လက်နက်စွန့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မငြိမ်းချမ်းမှ သူတို့ လုပ်စားနေတဲ့ မူးယစ်ဆေးဝါး၊ သစ်၊ ကျောက်စိမ်း၊ လက်နက်မှောင်ခိုလုပ်ငန်းတွေ ရေရှည်တည်မြဲမှာမို့ အစိုးရ ကမ်းလှမ်းသမျှ ငြိမ်းချမ်းရေးကို သူတို့ငြင်းနေမှာပဲလေ။ ဒီတိုင်းရင်းသားလက်နက်ကိုင်သူပုန်တွေရဲ့လုပ်ရပ် ကြောင့် ဒီမိုကရေစီအနှစ်သာရဟာလည်း မေးခွန်းထုတ်စရာ ဖြစ်လာမှာ သေချာပါတယ်။ သူတို့တောင်းတာပေး မလား ဒါမှမဟုတ် သူတို့ကို အပြတ်ချေမှုန်းမလားဆိုတာ တစ်ခုခုကို ရွေးချယ်ဖို့ လိုပါပြီ။ အစိုးရနဲ့ အစိုးရ တပ်မတော်မှာပဲ တာန်ရှိတာမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပါတယ်။
ကိုအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment