Monday, January 18, 2016

ဗဟန်းမြို့နယ်က အိမ်ဖော်ကလေးငယ် မစုဝေ နှိပ်စက်ညှဉ်းပန်းခံရမှု အရေးယူသင့် ၊မသင့် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

ဗဟန်းမြို့နယ်က အိမ်ဖော်ကလေးငယ် မစုဝေ နှိပ်စက်ညှဉ်းပန်းခံရမှု အရေးယူသင့် ၊မသင့် လာမည့် ရုံးချိန်းတွင် အမိန့်ချမည် သူဇာ၊ ဇန်န၀ါရီ ၅ ရက်။ ဖေ့ဘုတ်စာမျက်နှာတွင် အ၀တ်ဗလာနှင့် ကြိုးတုတ်ရိုက်နှက်ခံရသည့် အသက် ၈ နှစ်အရွယ် ကလေးငယ် မစုဝေ နှိပ်စက်ညှဉ်းပန်းခံရမှုနှင့် ပတ်သက်ပြီး အရေးယူသင့် မသင့်ကို လာမည့် ဇန်န၀ါရီလ ၂၅ ရက်နေ့ ရုံးချိန်းတွင် အမိန့်ချမည် ဖြစ်ကြောင်း ယနေ့ ဗဟန်းမြို့နယ် တရားရုံးတွင် တရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၅ ရက်နေ့က တရားရုံးအနေနှင့် ရဲစခန်းမှ စစ်ဆေးတင်ပြမည့် ဗိုလ်မှူး ကျော်နုမော်ကို စစ်ဆေးရန် ကျန်နေသေးသည့်အတွက် ဇန်န၀ါရီလ ၁၈ ရက်နေ့ (ယနေ့ ညနေ သုံးနာရီ) ကို စတုတ္တအကြိမ်မြောက် ရုံးချိန်းကို ချိန်းဆိုခဲ့သည်။ ယနေ့ ရုံးချိန်းတွင် ရဲစခန်းမှ တင်ပြသည့် ကျင့် ၂၀၂ (ရဲစခန်း အစီရင်ခံစာ) ပြည့်စုံပြီ ဖြစ်ကြောင်း၊ ဆက်လက် အရေးယူ သင့် မသင့်ကို လာမည့် ရုံးချိန်းတွင် အမိန့်ချမည် ဖြစ်ကြောင်း မြို့နယ် တရားသူကြီး ဦးကျော်နိုင်လတ်က တရားခွင်တွင် ပြောဆိုခဲ့သည်။ မစုဝေ နှိပ်စက်ညှဉ်းပန်းခံရမှုနှင့် ပတ်သက်ပြီး ဗဟန်းမြို့နယ်ရဲစခန်းက ရိုက်နှက်သူ အိမ်အကူ ဒေါ်သန်းနွဲ့ကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။ ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ တိုက်အမှတ် 25 (C/4) နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ဒူးထောက်လျက်ရှိနေပြီး ယင်း၏ လက်နှစ်ဘက်ကို အမျိုးသမီးတဦးက နောက်ပြန် ကြိုးတုတ်နေသည့် ဓာတ်ပုံများ နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

No comments: