Monday, January 18, 2016

၁၀၁ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့တွင် မြန်မာနိုင်ငံ ကလေးများအနေ့အဖြစ် NLD သတ်မှတ်ကျင်းပမည်

၁၀၁ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့တွင် မြန်မာနိုင်ငံ ကလေးများအနေ့အဖြစ် NLD သတ်မှတ်ကျင်းပမည် --------- ----- -------- ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၁၀၁ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားကို မြန်မာ နိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ကျင်းပမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ ကလေးသူငယ်များနေ့ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်၌ နံနက် ၉ နာရီမှစတင် ကျင်းပပြုလုပ် ရန် စီစဉ်ထားပြီး ကလေးငယ်များ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်ရေး၊ ဗဟုသုတ ကြွယ်ဝရေး၊ ရိုးသားဖြောင့်မတ်၍ စာရိတ္တ မဏ္ဍိုင် ခိုင်မာမြင့်မားရေး စသည့် ရယ်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဗိုလ်ချုပ်မွေးနေ့ မြန်နိုင်ငံကလေးများနေ့ အခမ်းအနားအဖြစ် အသက် ၉ နှစ်မှ ၁၂ နှစ်အထိ ကလေးငယ်များအား ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ အပြောပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူပုံဆွဲပြိုင်ပွဲ၊ အသက် ၉ နှစ်အောက် ကလေးငယ်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ပက်သက်သည့် ကဗျာရွက်ဆိုပြိုင်ပွဲများ အပါအ၀င် ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ “ဗိုလ်ချုပ်မွေးနေ့ကို ဒီလိုကလေးတွေအတွက် ကျင်းပပေးတာ ကောင်းပါတယ် ။ ခုခေတ်ကလေးတွေက ဒီလိုနေ့တွေကို သိပ်မသိကြတော့ဘူး ။ အခြားနေ့တွေတော့ အမှတ်တရ လုပ်ကြတယ် ။ တိုင်းပြည်ရဲ့ အရေးကြီးဆုံးလူကိုတော့ မေ့နေကြတယ်” ဟု ကလေးမိဘတစ်ဦး ဖြစ်သူ ဦးနေမျိုးက ပြောသည်။ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လိုသည့် ကလေးငယ်များ၏ မိဘများအနေဖြင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးရေးရာ အဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး ဗိုလ်ချုပ်မွေးနေ့အား ယခင်နှစ် များကလည်း နှစ်စဉ်ကျင်းပလေ့ ရှိကြောင်း သိရသည်။ သတင်း - မျိုးမင်းပိုင် photo - doctortintswe.blogspot The Ladies News Journal

No comments: