
မုံရွာ ဇန်နဝါရီ ၈
မြန်မာများ၏ ရိုင်းပင်းကူညီမှုနှင့် ချစ်စရာဓလေ့များကြောင့် ၁၉၉၉
ခုနှစ်မှစတင်၍ မီးပုံးပျံပွဲတော်(မီးပုံးပျံ စုပေါင်း
ပျံသန်းသည့်ပွဲတော်)ကို (၁၈)ကြိမ်မြောက်အထိ နှစ်စဉ်
ဆွစ်ဇာလန်နိုင်ငံသားများသည် မြန်မာ နိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန၏ အကူအညီနှင့် Golden Eagle Ballooning ၏
ဝန်ဆောင်မှုဖြင့် ၁၈ နှစ်ဆက်တိုက် ပျံသန်းလေ့လာလျက်ရှိကြောင်း Golden Eagle
မှ ဒါရိုက်တာ ကိုကောင်းဆက်ဇော်ထံမှ သိရသည်။
(၁၈)ကြိမ်မြောက် မီးပုံးပျံစုပေါင်း ပျံသန်းပွဲတော်ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ
၂၇ ရက်မှစတင်၍ လွိုင်ကော်- အင်းလေး-မန္တလေး-မုံရွာနှင့်
ပခုက္ကူ-ပုဂံခရီးစဉ်ကို ၁၉ ရက်ကြာ ပျံသန်း လေ့လာမှတ်တမ်းတင်ကြမည်ဖြစ်
ကြောင်း သိရသည်။ ခရီးစဉ်တွင် မီးပုံးပျံကြီးလေးလုံးနှင့်အတူ ပိုင်းလော့
လေးဦးအပါအဝင် ဆွစ်ဇာလန် နိုင်ငံသား ၁၆ ဦး လိုက်ပါစီးနင်းလျက်ရှိရာ
ခရီးစဉ်တွင် လိုက်ပါသူတစ်ဝက် ကျော်သည် မြန်မာနိုင်ငံသို့ အစမှ ယခုထိတိုင်
(၁၈)ကြိမ်မြောက် လာရောက်ပျံသန်းကြခြင်းဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံ ဘယ်နေရာရောက်ရောက်
ကျေးလက်တောရွာပါမကျန်ကူညီချင်စိတ်ရှိကြတာကို သဘောကျတာပါ။ အဖွဲ့အနေနဲ့
နိုင်ငံတစ်နိုင်ငံကို နှစ်ခေါက်၊ သုံးခေါက်ပြန်သွားလေ့မရှိပေမယ့်
မြန်မာနိုင်ငံကိုတော့ နှစ်သက်သဘောကျလွန်းလို့ ၁၈ နှစ်၊ (၁၈)ကြိမ်၊ ၁၈
ခေါက်ရှိပါပြီ။ တစ်ခေါက်ထက် တစ်ခေါက် တိုးတက်လာတာနဲ့အတူ
အမြဲတည်တံ့ထိန်းသိမ်းလာတဲ့ မြန်မာ့ဓလေ့တွေကို နှစ်သက်လေးစားလို့၊ ပြီးတော့
မြန်မာပြည်ရဲ့ရှုခင်းတွေက ဘယ်လိုကြည့်ကြည့် မရိုးနိုင်ပဲ လှပြီးရင်းလှနေလို့
သူငယ်ချင်း၊ ဆွေမျိုးတွေစုပြီး နှစ်စဉ်လာရတာဖြစ်ပါတယ်''ဟု
အဖွဲ့ခေါင်းဆောင် မစ္စတာ ပီတာပလာဇာက ပြောသည်။
တစ်နှစ်ထက်တစ်နှစ် ပိုမို၍မီးပုံးပျံထိန်းသိမ်းနည်း၊ ခေါက်နည်းစသည်တို့ကို
စီးနင်းသူများသာမက လိုက်ပါကူညီဆောင်ရွက်ပေးသူများပါ ကျွမ်းကျင်အဆင့်
သို့ရောက်ရှိနေသလို သွားလာသမျှ နေရာဒေသတိုင်းမှ ဒေသခံတိုင်း၏ကူညီ
ပေးမှုများကြောင့် မီးပုံးပျံစုပေါင်းပျံသန်းပွဲတော်ကျင်းပရခြင်းသည် တစ်နှစ်
ထက်တစ်နှစ် ပိုမိုလွယ်ကူမြန်ဆန်စွာဆောင်ရွက်လာနိုင်ကြောင်း ဒါရိုက်တာ
ကိုကောင်းဆက်ဇော်ထံမှ သိရသည်။ မီးပုံးပျံစုပေါင်းပျံသန်းပွဲတော်ကို
ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့မှ မုံရွာမြို့သို့
လာရောက်ခဲ့ကြပြီး ထိုနေ့ ညနေပိုင်းတွင် မုံရွာကောင်းကင်ယံသို့
စတင်ပျံသန်းခဲ့ကြသလို ၈ ရက်နှင့် ၉ ရက်တို့တွင် မုံရွာမြို့ ဗဟိုပြု၍
ဝန်းကျင်ဒေသများသို့ ပျံသန်းလေ့လာ ကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)
No comments:
Post a Comment