မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
ငါတို့ ခေတ်မှ ညံ့ရတော့မှာလား
ငါတို့ ခေတ်မှ ညံ့ရတော့မှာလား
18.1.2016
ဒေါ်အောင်ဆန်းစုကြည် မှ မနေ့က နိုဘဲ စာပေ ပွဲတော်ကို ပေးပို့ တဲ့ သ၀ဏ်လွှာမှာ မြန်မာနိုင်ငံ လက်ရှိ ပညာရေး စနစ် နဲ့ လူငယ်များ အနေအထားကို ထောက်ပြသွားပါတယ်။
ပညာရေး စနစ်ဟာ တွေးခေါ် ဆင်ခြင်မှုကို ဦးစားမပေးပဲ အလွတ်ကျက် ပုံစံမျိုး ဖြင့် ကြီးပြင်းလာခဲ့ရပြီး အခုအခါ ဂိမ်း များ ဖေဘုတ် များဖြင့် ကလေးများ အချိန်ဖြုန်းနေကြတယ်လို့ ဆိုပါတယ်။
ပညာရေးကို အစိုးရမှ ငွေကြေး လုံလောက်အောင် ပံ့ပိုးခြင်းမရှိတဲ့ အတွက် ကျောင်းတိုင်းမှာ စာကြည့်တိုက်ဆိုတာ ရှိတယ်လို့တောင် ပြောလို့မရပါဘူးဟု ထည့်သွင်း ပြောကြားသွားပါတယ်။
ဒါကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြေခံ ကျကျ ပြုပြင် ပြောင်းလဲ သွားဘို့ ရည်ရွယ်ထားတယ်ဆိုတာ ယုံကြည်ရပါတယ်။ ဘယ်လို နှုန်း နဲ့ လည်း ဘယ်လောက် အချိန်အတိုင်းအတာ အတွင်းလည်း ဆိုတာ သာ စောင့်ကြည့်ဘို့ ကျန်ပါတော့တယ်။
မိမိတို့ ခေတ်တုန်းက အိမ်တွင် အပန်းဖြေစရာ ဆို၍ နာရီ အပိုင်းအခြားနှင့်သာ လာတတ်သော ရုပ်မြင်သံကြားမှ လွဲ၍ အခြား ဘာဆိုဘာမှ မရှိ၊ စာအုပ်စာပေများဖြင့်သာ မွေ့လျော်ခဲ့ရသည်။ အခုခေတ် လူငယ် အများစုက စာပေ ဆို၍ ယောင်၍မျှ ပင် မထိကြတော့၊
အပျော်ဖတ် စာပေများ၊ ဗေဒင် ယတြာများ၊ ကာတွန်း များ သာ လွှမ်းမိုးနေသော ခေတ်ကြီးတွင် စာပေ မြတ်နိုးသော သူများက မြန်မာ စာပေ အဆင့်အတန်း လျော့ကျ မသွားရေး၊အတွက် အိတ်ထဲမှ စိုက်ထုတ်၍ ထုတ်လုပ်နေကြရသည့် ခေတ်ကြီး ဖြစ်လာနေရ ထုတ်ဝေသူများ ဘက်က စာကောင်းပေမွန်များကို တနှစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုပ်ရေ (၅၀၀) မျှ ထုတ်ဝေသည်ပင် အကုန် မရောင်းရ၊ သို့သော် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်လာရေး၊ ငါတို့ ခေတ်မှ ညံ့ရတော့မှာလား ဆိုသည့် စိတ်ဖြင့် လှေခွက်ချည်းကျန် အလံမလှဲ အရှုံးခံ၍ ထုတ်ဝေကြရသည်။ ၎င်းတို့ အဖို့ မည်မျှအထိ တောင့်ခံ၍ လုပ်နိုင်ကြဦးမည်နည်း၊ တွေးခေါ် မျှော်မြင်မှု အားကောင်းသော နိုင်ငံသားများ ဖြစ်လာရေးအတွက် အမှန်ပင် ရင်လေးဘွယ် ကောင်းလှ ပေသည်။
နိုင်ငံခြား စာပေ လောက က ဤသို့ မဟုတ်၊ အွန်လိုင်းတွင် ဖတ်ရှု၍ရသော သတင်းစာ ဂျာနယ် များမှ လွဲ၍ စာပေ လောက က ပန်းပန်လျက်ပင် ရှိသေးသည်။ အလုံး အရပ် လျော့ကျ မသွားပေ။ အစိုးရများကလည်း စာကြည့်တိုက်များ ကို တိုးတက်သည်ထက် တိုးတက်အောင် ပြုလုပ်ကျယုံမျှ မက တနှစ် ၁၀ ဒေါ်လာမျှ ပေးရသော စာကြည့်တိုက် အသင်းဝင်ကြေးကိုပင် ဖြတ်တောက် ပြစ်ခဲ့ကြသည်။
စာ ဖတ်သော သူ နှင့် စာ မဖတ်သော သူ တို့ ကို အနီးဆုံး ဥပမာ ပြရလျင် အလုပ်ခန့်သည့် အင်တာဗျူးတွင်ပင် အရည်အချင်းတူသည်ပင် ထား၊ ပြောဆို နိုင်မှု က ကွာခြားလှသည်ကို မျက်မြင် ကိုယ်တွေ့ ဖြစ်ရသည်။ ဤသည်ကား စာဖတ်ခြင်းမှ ရခဲ့သော တွေးခေါ် ဆင်ခြင်မှု ဖြင့် ကျဉ်းထဲ ကျပ်ထဲက ရုန်းထွက်နိုင်စွမ်း ကို ပြသနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ တ၀က်က အသက် (၂၇) နှစ်အောက် လူငယ်များ ဖြစ်တဲ့အတွက် NLD ရဲ့ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့မှုဟာ လူငယ်တွေကြောင့် ဖြစ်တယ် ပြောလို့ရပါတယ်။ တိုင်းပြည်ရဲ့ ကုန်ထုတ် လုပ်ငန်းတွေအတွက် ဒီ အင်အားစုတွေကို ခေတ်မှီ နည်းပညာ များနဲ့ အမှီ လိုက်နိုင်အောင် လေ့ကျင့် သင်ကြားပေးမယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာဘို့ ဆိုတာ ဘယ်သူ တားတား မရတော့ပါဘူး။
ထို့ အတွက် ကျောင်းနေစဉ် ကာလမှာပင် ပြင်ပ ဗဟုသုတ ဖြစ်ဘွယ်၊ အတွေးအခေါ်ကို မြှင်တင်ပေးနိုင်သည့် စာပေ များကို လေ့လာ ဖတ်ရှု လိုစိတ် ရှိစေရန် Literacy Skill အား ကျောင်းနေစဉ် ကာလမှပင် ပြုစု ပေးထောင်ပေးရေးသည် တိုင်းပြည် အနာဂါတ် သားကောင်းများ ပေါ်ထွန်းရေး အတွက် မဖြစ်မနေ ပြုလုပ်ရမည့် အရေးကိစ္စ တခု ဖြစ်လာနေပါတယ်။ လူမျိုး မြင့်မှ တိုင်းပြည် မြင့်မည် မဟုတ်ပါလော၊
မြန်မာ လွတ်လပ်ရေး အတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာခဲ့ရသည်မှာ ဂဒ္ဓလောက မဂ္ဂဇင်း အပါအ၀င် နဂါးနီ စာအုပ် တိုက်ကြီး ၏ ကျေးဇူး များစွာ ရှိနေသည်ကို မည်သူမျှ ညင်း၍ မရစကောင်းပေ။
Hla Soe Wai
Subscribe to:
Post Comments (Atom)
No comments:
Post a Comment