မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, January 16, 2016
ပိန်ချင်တယ်ဆိုရင်
ပိန်ချင်တယ်ဆိုရင်
|| ကျန်းမာရေးကဏ္ဍ ||
မြန်မာဆိုရိုးစကားက လှမှဝတယ်လို့  ပြောထားသော်လည်း အခုခေတ်မှာ မြန်မာ
အမျိုးသမီးတွေက သိပ်မ၀ချင်တော့ပါဘူး ။ အထူးသဖြင့် မြို့ပြနေ အမျိုးသမီးများက
ပိုပြီးပိန်ချင်လာပါတယ်။ ဆက်သွယ်ရေးတွေ ကောင်းလာတာမို့  ဒီကနေ့ 
နယူးယောက်က ဖက်ရှင်ကို မြန်မာပြည်က တိုက်ရိုက်လှမ်းကြည့် လိုရတဲ့အချိန်မှာ
နိုင်ငံတကာ ဖက်ရှင် တွေက မြန်မာ အမျိုးသမီးတွေကို ပိုလွှမ်းမိုးလာပါတယ်။
နိုင်ငံတကာ မော်ဒယ်များ ရုပ်ရှင်မင်းသမီးများလိုပဲ ပိန်ချင်လာပါတယ်။
တကယ်တော့ အမျိုးသမီးများအတွက် အရေးကြီးတာက ပိန်ခြင်းဝခြင်းဆိုတာထက်
ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ အလွန်အကျူးဝတာလည်း မကောင်းသလို
အပိန်လွန်ခြင်းကလည်း မကောင်းပါ။ အတော်အသင့် ကျန်းမာရေးနဲ့ ညီသည့်
ခန္ဒာကိုယ်ရှိရင်ပဲ လုံလောက်ပါပြီ။
သို့ သော်လည်း အ၀လွန်ခြင်းကတော့ အလှအပအတွက် သာမက ကျန်းမာရေး
အတွက်လည်း မကောင်းပါ။ ၀လွန်းအားကြီးပါက ဆီးချို။ သွေးတိုး၊ နှလုံး စသည့်
ရောဂါများ ၀င်လာတတ်ပါတယ်။ ထို့ အတူ ချော်လဲတာတို့ တစ်ခုခု ဖြစ်လျှင်လည်း
ပိန်သောသူ ထက်စာရင် ရောဂါဖြစ် ပိုလွယ်ပါတယ်။ ပြီးတော့ အ၀လွန်တဲ့ ကိုယ်လုံး
ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျပြီး စိတ်ဓာတ် ကျတတ်ပါတယ်။ ဒါကြောင့်
အလှအပတွက်သာ မဟုတ်ဘဲ ကျန်းမာဖို့ အတွက် အ၀မလွန်အောင် ဂရုစိုက်ရမှာ
ဖြစ်ပါတယ် ။ ကိုယ်ခန္ဓာအလှကို ထိန်းသိမ်းဖို့  ကိုယ်အလေးချိန် လျှော့ချသည့်
နည်းတွေ အများကြီးရှိပါတယ်။ အကောင်းဆုံး နည်းကတော့ လေ့ကျင်ခန်း လုပ်ခြင်း
ဖြစ်ပါတယ်။ လေ့ကျင်ခန်းလုပ်ရာမှာ ယနေ့ ခေတ်စားလာတဲ့ အားကစား
လေ့ကျင့်ရေး စင်တာတွေဆီ ပုံမှန်သွားကစားလို့ ရသလို ကိုယ့်ဘာသာလည်း
လုပ်နိုင်ပါတယ်။ လေ့ကျင့် ခန်း မလုပ်နိုင်ဘူးဆိုလည်း လမ်းလျှောက်ခြင်းက
အကောင်းဆုံး နည်း ဖြစ်ပါတယ်။ အိမ်နားက ဈေးကို သွားရာမှာ ကားမစီးဘဲ
လမ်းလျှောက်ပြီးသာ ပုံမှန်သွားကြည့်ပါ ။ အားလပ်ရက်တွေမှာ အိမ်နားဝန်းကျင်မှာ
လမ်းလျှောက်ကြည့်ပါ။ သိသိသာသာ အကျိုးထူးလာပါလိမ့်မယ်။ ထို့ အတူ
အိမ်ရှင်းခြင်းနှင့် ဖုန်သုတ်ခြင်းစသော ကိုယ်လက်လှုပ်ရှားမှု ရှိစေသည့် အလုပ်များကို
လုပ်ပါ။ ရုံးမှာဆိုလျှင်လည်း ကွန်ပျူတာနဲ့ ဇောက်ချမထိုင်ဘဲ မကြာခဏ
လမ်းလျှောက်ခြင်း ပြုလုပ်ပါ ။ ထို့ အပြင် သီချင်းများ ဖွင့်ပြီး “က” ပါ။ သီချင်းဆိုရာမှာ
မြန်မာသီချင်းပဲဖြစ်ဖြစ် အနောက်တိုင်း သီချင်းပဲဖြစ်ဖြစ် တစ်နေ့ကို အနည်းဆုံး
သီချင်း သုံးပုဒ်လောက် ကုန်သည်အထိ “က” ပါ။ ပျော်စရာလည်း ကောင်းသလို
ပုံမှန်လုပ်သွားပါကလည်း ကိုယ်ခန္ဓာ အဆီကျ ကျစ်လစ်လာပါလိမ့်မယ်။ တတ်နိုင်ရင်
သူငယ်ချင်းတွေစုပြီး အုပ်စုလိုက်ကြီး “က” ပါ။ တကယ့်ကို စိတ်ရောကိုယ်ရော
ပေါ့ပါးလာပြီး ပေါ့ပါးလာပါလိမ့်မယ်။ တချို့ ကတော့ ကိုယ်ခန္ဓာအလေးချိန်ကျဖို့ 
အစားရှောင်ကြပါတယ်။ အစားကို ဂရုစိုက် ရှောင်တာက ကောင်းပါတယ်။
သို့ သော်လည်း အစားကို အရမ်းရှောင်ပါကလည်း ကျန်းမာရေး ထိခိုက်ပါတယ်။
ပုံမှန်အားဖြင့် အမျိုးသမီးများက သွေးအားနည်း လွယ်ပါတယ်။ အစာအာဟာရကို
ဂရုစိုက်စားမှသာ သွေးအားကောင်း ကျန်းမာပါတယ်။ ထို့ကြောင့်အစာကို
အလွန်အကျူး ရှောင်ခြင်းထက် ၀လွယ်သော အစာများကိုသာ ရှောင်ရမှာ
ဖြစ်ပါတယ်။
မြန်မာဟင်းတွေက ဆီအရမ်းများပါတယ်။ ဆီပြန်ဟင်းတွေက စားလို့ ကောင်းသော်
လည်း ကိုယ်ခန္ဓာထဲ ရောက်သွားရင်တော့ အဆီပြင်တွေ ဖြစ်လာမှာကို သတိရပါ။
ဒါကြောင့် ဟင်းတွေကို အကျင့်လုပ်ပြီး ဆီကို လျှော့စားပေးပါ။ ဆီပြန်ဟင်းထက်
ရေလည်ဆီလည် ဟင်းမျိုးချက်ပါ။ ဥပမာ ငါးဆီပြန်။ ငါးဖယ်ဆီပြန် ဆိုတာမျိုးထက်
ငါးဖယ်ကို ဘူးသီးနဲ့ ကြော်ချက်မျိုး။ ငါးကို မုန်လာဥနဲ့ ချဉ်ရည်ချက်တာမျိုး ဆီနည်း
နည်းနဲ့ ချက်စားတာမျိုး စားပေးပါ။
ထို့ အပြင် သနပ်သုပ်။ ပဲသီးသုပ်၊ သခွားသီးသုပ်၊ မုန်လာဥနီသုပ်၊ မြင်းခွာရွက်သုပ်၊
ခရမ်းချဉ်သီးသုပ်လို အသုပ်များ ။ ဘူးညွန့် ကြော်ချက်လို ဆီနည်းနည်း ထည့်ရတဲ့ 
ကြော်ချက်များကိုသာ စားပါ။ မုန်ညှင်းဟင်းချို လို ဟင်းချိုလိုမျိုးကို သောက်ပါ။
ဆီကြော်တွေကို ရှောင်ပါ။
သွားရည်စာကိုလည်း အဆီအစိမ့်တွေ စားဖို့ ထက် ပန်းသီး၊ သစ်တော်သီး၊
ကျွဲကောသီး ၊ ငှက်ပျော်သီး၊ ကန်ဇွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်လို အရာများကို စားပါ။
အာလူးကြော်လို အရာမျိုးကို ရှောင်ပါ။ အာလူးကြော်ဟာ “၀” စေရုံသာမကဘဲ
ကိုယ်ဝန်သည်များကို ကိုယ်ဝန်ဆောင် ဆီးချိုရောဂါမျိုးအထိ ဖြစ်စေနိုင်တယ်လို့ 
ဆေးပညာတွေ့ ရှိချက် အသစ်တွေအရ သိရပါတယ်။ ပြီးတော့ အချိုတွေကို
ရှောင်ရမှာဖြစ်ပါတယ် ။ ဖျော်ရည်သောက်လျှင်လည်း အာသာပြေအောင်
ဖျော်ရည်ထည့်ပြီး အချိုလျှော့အောင် ရေများများနဲ့ ရောသောက်ပါ။ ထို့ ပြင်
ဖျော်ရည်၊ ကော်ဖီ၊ လက်ဘက်ရည်နေရာမှာ ရေကိုသာ အစားထိုးသောက်ပေးပါ။
အသားအရေ ပါလှလာပါလိမ့်မယ်။ ဆိုဒါ ပါတဲ့ အချိုရည်တွေကို လုံးဝရှောင်တာက
ကိုယ်အလေးချိန် ကျစေဖို့ အတွက် အကောင်းဆုံးနည်းပါ။
ပိန်ချင်ရင် အစာမရှောင်၊ လေ့ကျင့်ခန်းမလုပ်ဘဲ အဆီကျဆေး သောက်ရုံနဲ့ ရတယ်
လို့  တချို့ က ထင်ပါတယ်။ အဆီကျဆေးတွေက ပိန်ကောင်းပိန်ပါလိမ့်မယ်။ ဒါပေမဲ့ 
ကျန်းမာရေးကို ထိခိုက်စေတဲ့  အဆီကျဆေးတွေလည်း အများကြီး ရှိပါတယ်။
ပိန်တဲ့ နေရာမှာ ဆေးသောက်လို့  ပိန်တာထက် သဘာဝကျကျ ကိုယ်အလေးချိန်ကို
မှန်မှန်ကန်ကန် လျှော့ချပြီး ပိန်တာက အကောင်းဆုံးပါ။
လင်းလင်း
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment