Sunday, July 10, 2016

ဖားကန့်တွင် ကျေးရွာ NLD ပါတီဥက္ကဋ္ဌကို လူတစ်စုက သုံးကြိမ်တိုင်ခြိမ်းခြောက် ----------------------------------


မြစ်ကြီးနား၊ ဇူလိုင် ၉

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာ NLD ပါတီဥက္ကဋ္ဌကို အမည်မသိ လူတစ်စုက သုံးကြိမ်တိုင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ NLD ပါတီဝင်များထံမှ သိရသည်။

“ကျွန်တော့်ဆီကို တိုက်ရိုက် လာပြောတာတော့ မဟုတ်ဘူးဗျ။ ဒီက တာဝန်ခံကတစ်ဆင့် ပြောခိုင်းတာ။ မင်းတို့ ဥက္ကဋ္ဌ ဦးရွှေသိန်းကို ပြောလိုက်။ ရတနာ စန်းရွှေ (ကျောက်မျက်) ကုမ္ပဏီကိစ္စနဲ့ ပတ်သက်ပြီး ဝင်ရောက် စွက်ဖက်တာ မလုပ်နဲ့၊ ပြောတဲ့အတိုင်း မလုပ်ရင် အသက် အန္တရာယ် ရှိတယ်လို့ ပြောခိုင်းတယ်လို့ ပြောသွားတယ်လို့ သိရတယ်”ဟု ခြိမ်းခြောက်ခံရသူ ၎င်းက ရှင်းပြသည်။

အမည်မသိ လူတစ်စုသည် ဆိတ်မူကျေးရွာ NLD ပါတီ အဖွဲ့တာဝန်ခံ ဦးညွန့်ဝေထံ ဇူလိုင်လ ၆ ရက်နေ့က နှစ်ကြိမ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် တစ်ကြိမ် သတိပေး ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိတ်မူကျေးရွာ NLD ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

ယင်းသို့ အမည်မသိ လူတစ်စုက လာရောက်ခြိမ်းခြောက် ပြောဆိုခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဖားကန့်မြို့မ ရဲစခန်းတွင် တိုင်ကြားထားကြောင်း ၎င်းကဆက် လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်ကြားထားမှု ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကာ ခရိုင်နှင့်ပြည်နယ် ရဲတပ်ဖွဲ့သို့ တင်ပြပေးမည်ဖြစ်ကြောင်း ဖားကန့်မြို့မ ရဲစခန်းမှ ရဲမှူးအဆင့်ရှိ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဖားကန့်ဒေသ၌ ယခုနှစ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရမှု နှစ်ကြိမ် ဖြစ်ပွားသည်။

No comments: