ပြီးခဲ့သည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ မြင့်တက်လာနေပြီး ဘိန်းစိုက်ဧကမှာ ၂၀၀၆ နှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့်အထိ တိုးလာသည်။ မြန်မာနိုင်ငံ၏ ဘိန်းစိုက် ဧရိယာမှာ တစ်ကမ္ဘာလုံး ဘိန်းစိုက်ဧရိယာ၏ ၂၅ ရာခိုင်နှုန်းကျော်ရှိပြီး အာဖဂန်နစ္စတန်ပြီးနောက် ဒုတိယမြောက် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်သည်ဟု ကုလသမဂ္ဂစာရင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုအများစုကို တရုတ်၊ ထိုင်း၊ လာအိုတို့နှင့် ထိစပ်နေသော ရှမ်းပြည်နယ် ကုန်းမြင့်ဒေသရှိ ဆင်းရဲသော တောင်သူများက ပြုလုပ်ကြသည်။ ထိုဒေသမှာ တိုင်းရင်းသား တပ်ဖွဲ့များနှင့် ဗဟိုအစိုးရတို့ကြား ဆယ်စုနှစ်များစွာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် နေရာလည်းဖြစ်သည်။
၂၀၁၂ တွင် ဒေသခံ သုတေသန သမားများပြုလုပ်ခဲ့သည့် စစ်တမ်းအရ ရှမ်းပြည်နယ်တွင် မြို့နယ် ၅၅ မြို့နယ်ရှိသည့်အနက် ၄၉ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ပြုလုပ်လျက်ရှိပြီး အိမ်ထောင်စု နှစ်သိန်းကျော် ပါဝင်ပတ်သက်မှု ရှိသည်ဟု တွေ့ရှိခဲ့သည်။ ဘိန်းစိုက်ရာမှ ရသည့်ဝေငွေက ဒေသခံ တောင်သူများအတွက် စားနပ်ရိက္ခာများ ဈေးကြီးကာ ရှားပါနေချိန်၊ လက်နက်ကိုင်တပ်ဖွဲ့များက အခွန်နှုန်းကြီးမြင့်စွာ ကောက်ခံနေချိန်၊ အစိုးရ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှု နည်းပါးနေချိန်တွင် ရှင်သန်ရပ်တည်ရန် အထောက်အပံ့ ဖြစ်စေသည်။
နယ်စပ်ဒေသများတွင် မူးယစ်ဆေးမှာ အလွန်ကြီးမားသည့် ပြသ၁နာတစ်ရပ် ဖြစ်သည်။ ထိုဒေသတွင် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးရသူ ဦးရေက စစ်ပွဲနှင့် ပဋိပက္ခများကြောင့် သေဆုံးရသူများထက် များစွာပိုမိုသည်။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲမှု များပြားခြင်းက မြန်မာနိုင်ငံတွင် HIV / AIDS ဖြစ်ပွားမှု မြင့်မားစေသည့် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။
ကမ္ဘာ့အစားအစာ အစီအစဉ် (WFP) ၏ ခန့်မှန်းချက်အရ ရှမ်းပြည်နယ် လူဦးရေ၏ ငါးပုံတစ်ပုံဖြစ်သော လူဦးရေ တစ်သန်းခန့်မှာ ကာလရှည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ဘိန်းစိုက်ပျိုးမှုမှရရှိသော ၀င်ငွေက တောင်သူများအတွက် စားနပ်ရိက္ခာ ၀ယ်ယူရန်နှင့် တစ်ခါတစ်ရံ အခြေခံ ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်များအတွက် အထောက်အပံဖြစ်စေသည်။
ဘိန်းပင်သည် မြေသြဇာမကောင်းသည့် တောင်စောင်းဒေသများတွင်ပင် ကောင်းစွာ စိုက်ပျိုးနိုင်သဖြင့် ဆန်စိုက်ပျိုးရန် ခက်ခဲသည့် ကုန်းမြင့်ဒေသများအတွက် သင့်တော်သည့် သီးနှံတစ်ခုဖြစ်လျက်ရှိသည်။ တောင်ပေါ်ဒေသများတွင် စိုက်ပျိုးရန် သင့်တော်သည့် အခြားအပင်များဖြစ်သော သစ်သီးပင်များ၊ ကော်ဖီနှင့် လက်ဖက်တို့မှာ ၀င်ငွေရရန် နှစ်နှင့်ချီကြာမြင့်သော်လည်း ဘိန်းပင်မှာ လေးလအတွင်း ဘိန်းထုတ်နိုင်သည့်အဆင့်သို့ ရောက်ရှိနိုင်သည်။ ထို့ကြောင့် ကုန်းမြင့်ဒေသနေ တောင်သူများနှင့် ပဋိပက္ခများကြောင့် နယ်မြေသစ်သို့ ရွှေ့ပြောင်းခဲ့ရသူများအတွက် အကောင်းဆုံး ရွေးချယ် စိုက်ပျိုးစရာ ဖြစ်လာခဲ့သည်။
ဘိန်းမှာ ၀ယ်လက် အမြဲတမ်း ရှိနေသည်ကို တောင်သူများက သိရှိထားသဖြင့်လည်း စိုက်ပျိုးကြခြင်း ဖြစ်သည်။ အနောက်နိုင်ငံ ဈေးကွက်တွင် မြန်မာနိုင်ငံမှ ဘိန်းဖြူနေရာ၌ အာဖဂန်နှင့် တောင်အမေရိကမှ ဘိန်းဖြူများ အစားထိုး ၀င်ရောက်လာနေသော်လည်း ကမ္ဘာပေါ်တွင် ကြီးထွားနှုန်း အမြန်ဆုံး ဘိန်းဖြူဈေးကွက်ဖြစ်သော အိမ်နီးချင်း တရုတ်နိုင်ငံကြောင့် ဘိန်းဝယ်လိုအားမှာ မြင့်တက်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုတွင် ဆင်းရဲမွဲတေမှုအပြင် နိုင်ငံရေးကလည်း တွန်းအားတစ်ခု ဖြစ်ကြောင်းကို သတိပြုရန် လိုအပ်သည်။ ဘိန်းကုန်သွယ်မှုသည် မြန်မာပြည်တွင်းစစ်အတွက် အထောက်အပံ့ပြုနေသည့် စီးပွားရေးတစ်ခု အဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အများအပြားအတွက် ၀င်ငွေရလမ်းဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေဧရိယာပမာဏ လျော့ကျလာသော်လည်း ဘိန်းစိုက်ပျိုးမှုမှာ မြင့်တက်လာနေပြီး အစိုးရ ထိန်းချုပ်နယ်မြေများတွင် စိုက်ပျိုးမှု ပိုမိုလာခဲ့သည်။
သဘာဝသယံဇာတ ကြွယ်ဝပြီး တရုတ်နိုင်ငံသို့ စီးပွားရေးတံခါးပေါက်ဖြစ်သော ရှမ်းပြည်နယ်ကို ထိန်းချုပ်ရန် အစိုးရ၏ အစီအစဉ်များတွင် ဘိန်းစိုက်ပျိုးမှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းမှစ၍ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ခြင်းအစား ဘိန်းလုပ်ငန်းမှ ရသည့်ဝင်ငွေကို ယင်း၏ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုခဲ့သည်။
ရှမ်းပြည်နယ်တွင် အခြေစိုက်သည့် အစိုးရတပ်များအား ဗဟိုထောက်ပံ့ရေးစနစ်အပေါ် မှီခိုမှုမပြုဘဲ ကိုယ်တိုင်ရပ်တည်ရန် ဘိန်းစိုက် တောင်သူများနှင့် ဘိန်းကုန်သည်များထံမှ အခွန်ကောက်ကာ ရပ်တည်ခဲ့ကြသည်။ ဘိန်းခင်းဖျက်ဆီးရေး တရားဝင် ဆောင်ရွက်မှုများအား အသုံးပြုကာ ဘိန်းစိုက်သူများကို ခြိမ်းခြောက်၍ “အကာအကွယ်ခ” တောင်းခံခြင်းများရှိခဲ့ပြီး ဖျက်ဆီးသည့် ဘိန်းခင်းဧရိယာ အချက်အလက်များကို ပြုပြင်တင်ပြခြင်းများ ရှိခဲ့သည့်အပြင် အထက်ပိုင်းတာဝန်ရှိသူများကလည်း တိကျစွာစစ်ဆေးမှုမရှိပေ။
တိုင်းရင်းသားဒေသများတွင် ယခင် စစ်အစိုးရက ဖွဲ့စည်းပေးထားသည့် အမျိုးမျိုးသော ပြည်သူ့စစ်အဖွဲ့များကို ထောက်ပံ့ရန် ဘိန်းလုပ်ငန်းကို အသုံးပြုခြင်းလည်း ရှိသည်။ ရှမ်းပြည်နယ်တစ်ဝန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ဆည်ကဲ့သို့ စီမံကိန်းကြီးများကို ကာကွယ်ရန် ရာဘာစိုက်ခင်းကဲ့သို့ စိုက်ပျိုးရေး စီမံကိန်းကြီးများအတွက် မြေယာများသိမ်းယူရန် ပြည်သူ့စစ်များကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့စစ်များအား အစိုးရက တိုက်ရိုက်လစာပေးခြင်း မရှိသော်လည်း ယင်းတို့၏ တာဝန်ထမ်းဆောင်မှုအတွက် စီးပွားရေး အခွင့်အလမ်းများ ပြန်လည်ပေးအပ်ခဲ့ပြီး ဘိန်းစိုက်တောင်သူများကို အခွန်ကောက်ခံခွင့်၊ ဘိန်း အရောင်းအ၀ယ် ပြုလုပ်ခွင့်တို့ ပါဝင်သည်။ စစ်တပ် က တိုက်ရိုက်ပါဝင် ပတ်သက်ရန် မလိုဘဲ ဘိန်းစိုက်လုပ်ငန်းမှာ အခွန်နှင့် အကျိုးအမြတ်များ ဆန့်ကျင်ဘက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလက်သို့ ကျရောက်မသွားစေရေး ထိန်းချုပ်နိုင်ရန် ပြည်သူ့စစ်များက ကြားခံအဖြစ် ဆောင်ရွက်ပေးသည်။
လက်ရှိ ရှမ်းပြည်နယ်တွင် ဘိန်းလုပ်ငန်းအား အဓိကလုပ်ကိုင်နေသူများမှာ စစ်တပ်က ကျောထောက်နောက်ခံ ပြုထားသည့် ပြည်သူ့စစ်များ ဖြစ်နေသည်။ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအတွက် ပြင်းထန်သည့် မူဝါဒများ ချမှတ်ပါက အဓိက ထိခိုက်နစ်နာသူများမှာ စိုက်ပျိုးသူ တောင်သူများဖြစ်သော်လည်း ဘိန်းလုပ်ငန်းမှ ကြီးမားသော စီးပွားရေးနှင့် နိုင်ငံရေး အကျိုးအမြတ် ရရှိနေသူများမှာ တောင်သူများ မဟုတ်ပေ။
ဘိန်းလုပ်ငန်း၏ ပကတိအခြေအနေမှန်များဖြစ်သော လက်နက်ကိုင် ပဋိပက္ခများနှင့် ဆက်စပ်နေမှု၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတို့နှင့် ဆက်စပ်နေမှုတို့ကို ပိုမိုနက်ရှိုင်းစွာ နားလည်ထားရန် လိုအပ်သည်။ ဘိန်းစိုက်ပျိုးမှုနှင့် ဆက်နွယ်နေသော နိုင်ငံရေး ပြသ၁နာများ ကို ဖြေရှင်းနိုင်ခြင်း မရှိပါက ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးလုပ်ငန်းများမှာ အောင်မြင်မှုရနိုင်မည် မဟုတ်ပေ။
KHTun
The Ladies News
No comments:
Post a Comment