Saturday, July 2, 2016

အာရှဒေသ၏ အသံတိတ် လူသတ်သမား ------------------------



ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းနီးပါးက စားသုံးနေသည့် ထိုအရာက ကော်ဖီ ၆ ခွက်နှင့်ညီမျှသော စိတ်လှုံဆော်တက်ကြွမှုကို ပေးစွမ်းနိုင်ပြီး အစာမကြေခြင်း၊ နှင့် ပန်းသေခြင်းတို့အတွက် ရိုးရာ ဆေးနည်းတစ်ခုအဖြစ် မှတ်ယူအသုံးပြုမှုများလည်း ရှိသည်။

သို့သော် ထိုအရာက နှစ်စဉ် လူထောင်ပေါင်းများစွာအား အချိန်မတိုင်မီ သေဆုံးစေလျက်ရှိသည်။

ထိုအရာဆိုသည်မှာ အာရှတစ်လွှားတွင် စိတ်လှုပ်ရှား တက်ကြွနေစေရန် စားသုံးလေ့ရှိသည့် ကွမ်းသီးဖြစ်သည်။ ကွမ်းသီးသည် နီကိုတင်း၊ အယ်လ်ကိုဟောနှင့် ကဖိန်းတို့နှင့်အတူ ကမ္ဘာပေါ်တွင် လူသုံးအများဆုံး စိတ်ကိုပြောင်းလဲစေသော အစားအသောက် တစ်မျိုးဖြစ်သည်။

အမျိုးသမီးများနှင့် ကလေးများပါ စားသုံးမှုအချို့ ရှိသော်လည်း ကွမ်းစားသုံးသူ အများစုမှာ အလုပ်လုပ်နိုင်သည့် အရွယ်အမျိုးသားများဖြစ်သည်။ နာရီများစွာ ဆက်တိုက်အလုပ်လုပ်ရသည့် ယာဉ်မောင်းများ၊ ငါးဖမ်းလှေ လုပ်သားများနှင့် ဆောက်လုပ်ရေး လုပ်သားများက တက်ကြွနေစေရန် ကွမ်းစားသုံးလေ့ရှိသည်။

ကွမ်း၏ လတ်တလော အကျိုးသက်ရောက်မှုအတွက် ပြန်လည်ပေးစပ်ရသည့် တန်ဖိုးက ကြီးမားလွန်းလှသည်။

ကွမ်းစားသူများတွင် ခံတွင်းကင်ဆာဖြစ်ပွားနှုန်း မြင့်မားပြီး နှစ်စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးစေလျက် ရှိသည်။ ကွမ်းစားသုံးလေ့ရှိသော နိုင်ငံတစ်ခုဖြစ်သည့် ထိုင်ဝမ်တွင် နှစ်စဉ် ထောင်နှင့်ချီသော အသက်ဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက် ရာစုနှစ်နှင့်ချီနေပြီဖြစ်သော ကွမ်းဓလေ့ကို တိုက်ဖျက်ရန် အစိုးရက ကြိုးစားလျက်ရှိသည်။

ကွမ်းသည် အာရှယဉ်ကျေးမှု အများအပြားတွင် အဓိကနေရာမှ ပါဝင်လျက်ရှိပြီး ကွမ်းသီးကို အစို၊ အခြောက်၊ ပုံစံအမျိုးမျိုးအပြင် ကွမ်းယာအဖြစ်လည်း စားသုံးလေ့ရှိသည်။ ကွမ်းယာပုံစံမှာ နိုင်ငံနှင့် ယဉ်ကျေးမှုအလိုက် ကွဲပြားလေ့ရှိသော်လည်း ပုံမှန်အားဖြင့် ရေနှင့်ဖောက်ထားသည့်ထုံး၊ ကွမ်းရွက်၊ ဖာလာစေ့၊ သစ်ကြံပိုးခေါက်၊ ဆေးရွက်ကြီးတို့ ပါဝင်လေ့ရှိသည်။

ကွမ်းယာအတွင်း ပါဝင်ပစ္စည်းများတွင် ဖာလာစေ့နှင့် သစ်ကြပိုးခေါက်တို့ကလွဲလျှင် ကျန်ပစ္စည်းများမှာ ကင်ဆာဖြစ်စေနိုင်သည်ဟု နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီ၏ စာရင်းတွင် ဖော်ပြသည်။ ထုံးက ခံတွင်းအတွင်း အလွန်သေးငယ်သော အပေါက် ရာနှင့်ချီဖြစ်ပေါ်စေပြီး အခြားကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများအတွက် ၀င်ပေါက်ဖြစ်စေနိုင်သည်။

ထိုင်ဝမ် အမျိုးသားတက္ကသိုလ်ဆေးရုံမှ ခံတွင်းကင်ဆာအထူးကု ပါမောက္ခ ဟန်လန်ဂျန် က ”လူတွေရဲ့ ထက်ဝက်လောက်က ကွမ်းကြောင့် ခံတွင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတာ မသိကြပါဘူး။ ထိုင်ဝမ်နိုင်ငံရဲ့ ခံတွင်းကင်ဆာဖြစ်ပွားနှုန်းဟာ ကမ္ဘာ့ထိပ်ဆုံး နှစ်နိုင်ငံ (သို့) သုံးနိုင်ငံမှာ ပါဝင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုင်ဝမ်တွင် နှစ်စဉ် ခံတွင်းကင်ဆာဖြစ်ပွားသူ ၅၄၀၀ ခန့်ရှိပြီး ယင်းတို့ထဲတွင် ကွမ်းစားသူ ၈၀ မှ ၉၀ ရာခိုင်နှုန်းထိ ပါဝင်သည်။

ခံတွင်းကင်ဆာ၏ ကနဦး လက္ခဏာများတွင် ခံတွင်းတွင် အဖြူနှင့် အနီရောင် အနာငယ်လေးများ ဖြစ်ပွားခြင်းပါဝင်ပြီး ထိုအနာများက ကင်ဆာကျိတ်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပြီး အသားများကို စားသွားနိုင်သည်။ အခြားကင်ဆာရောဂါများနှင့် ကွဲပြားစွာပင် ခံတွင်းကင်ဆာမှာ ကွယ်ဝှက်ထားရန် ခက်ခဲပြီး ရောဂါဖြစ်သူအား စိတ်ပိုင်း ရုပ်ပိုင်းအရ ထိခိုက်မှုများ ကျန်ရစ်စေသည်။

ပါမောက္ခဟန်က “ဒါက ဆိုးဝါးလှပါတယ်။ တစ်ခါတစ်ရံမှာ ခွဲစိတ်ကုသမှုခံယူပြီးတာတောင်မှ ကင်ဆာအခြေအနေပေါ် မူတည်ပြီး အောက်မေးရိုးကို ဖြတ်ထုတ်ရတဲ့အတွက် မျက်နှာက ခံစားချက်ဖော်ပြတာမျိုး အခြေခံလုပ်ငန်းတွေ မဆောင်ရွက်နိုင်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

ခံတွင်းကင်ဆာရောဂါအား ပိုမိုစောစီးစွာ သိရှိကုသနိုင်ရေးအတွက် ထိုင်ဝမ်အစိုးရက အခမဲ့စစ်ဆေးမှု တစ်သန်းခန့် ပြုလုပ်ပေးပြီး ကွမ်းဖြတ်လိုသူများအား အကူအညီပေးသည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ထိုဆောင်ရွက်မှုများကြောင့် ကွမ်းစားသူ အမျိုးသားအရေအတွက်ကို ၂၀၁၃ တွင် ထက်ဝက်လျှော့ချနိုင်ခဲ့သည်။

ကွမ်းစားခြင်းကြောင့် ကင်ဆာအန္တရာယ် မြင့်မားမှုကို ၂၀၀၃ ကတည်းက သေချာစွာသိရှိပြီးဖြစ်သဖြင့် အစီအစဉ်များကို ယခုထက် ဆောစီးစွာ ဆောင်ရွက်ခဲ့သင့်သည်ဟု ဝေဖန်မှုများလည်း ပေါ်ပေါက်ခဲ့သည်။ ကွမ်းစားသုံးမှုတိုက်ဖျက်ရန် ထိုင်ဝမ်အစိုးရ၏ ဆောင်ရွက်ချက်များကို ကွမ်းနှင့်ပတ်သက်သည့် စီးပွားရေး လုပ်ကိုင်နေသူများက ဆန့်ကျင်ခြင်းကိုလည်း ကြုံတွေ့ခဲ့ရသည်။

အစိုးရက ကွမ်းစိုက်ပျိုးသူများအား အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးရန် ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် ထုတ်လုပ်မှုလျှော့ချရန် ကြိုးစားလျက်ရှိသည်။ ကွမ်းစားသုံးလေ့ရှိသည့် အိန္ဒိယနှင့် ထိုင်းကဲ့သို့ နိုင်ငံများတွင်လည်း ကွမ်းစားသုံးမှု လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

KHTun

The Ladies News

Ref - BBC


No comments: