Saturday, July 2, 2016

အစိုးရသစ်လက်ထက် လူ့အခွင့်ရေးအခြေနေမှာ ယခင်အစိုးရလက်ထက်အတိုင်းဆိုးရွားနေဆဲဟု ကုလကိုယ်စားလှယ် ရန်ဟီလီဆို --- --- ---


မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ်တက်လာသောကြောင့် အခွင့်လမ်းများ ရှိနေသော်လည်း အစိုးရသစ် လက်ထက် လူ့အခွင့်ရေးအခြေနေမှာ ယခင်အစိုးရလက်ထက်အတိုင်း ဆိုးရွားဆဲ ရှိနေကြောင်းကုလ သမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စရန်ဟီလီက ပြောသည်။

တပ်မတော်အပါဝင်တိုင်းရင်းသားလက်နက်ကိုင်ဘက်မှလည်း လူ့အခွင့်ရေးချိုးဖောက်မှုများ ပြုလုပ်နေဆဲဖြစ်ကာ တိုင်းရင်းသား ဒေသများတွင်လည်း လူ့အခွင့်ရေးအခြေနေမှာ ပြောင်းလဲ တိုးတက်မှုမရှိကြောင်း မစ္စရန်ဟီလီက ပြောသည်။

'တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေက ဆက်ဖြစ်နေတော့ လူတွေက သူတို့မဲထည့်ရတာ ဟုတ်မှဟုတ်ရဲ့ လားဆိုတာတောင် သံသယဖြစ်နေတာတွေ့ရတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေက နှစ်ဘက်စလုံးမှာရှိနေတယ်။ တပ်မတော်အနေနဲ့ တာဝန်ယူဖို့လိုပါတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အတွက် အရပ်ဘက်တရားရုံးတွေမှာ စစ်ဆေးဖို့လည်း လိုပါတယ် 'ဟု မစ္စရန်ဟီလီက ပြောသည်။

အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပါဝင် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပရန်စီစဉ်နေရာအားလုံးပါဝင်ရန် အရေးကြီးကြောင်းလည်း သူမက ဆိုသည်။ တိုင်းရင်းသားအခွင့်ရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းမှုမှာ ကြိုဆိုစရာဖြစ်သော်လည်း လူ့အခွင့်ရေးနှင့် လူနည်းစု တိုင်းရင်းသားအခွင့်ရေး ကာကွယ်မှုအတွက် များစွာလုပ်ပိုင်ခွင့်ရှိရန်နှင့် လုပ်ဆောင်မှုရှိရန်လိုအပ်ကြောင်းလည်း မစ္စရန်ဟီလီက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လူ့အခွင့်ရေးအခြေနေ ၊ အရပ်ဘက်အဖွဲ့စည်းနှင့် မီဒီယာများ ကန့်သတ်ခံရမှု အခြေနေတို့မှာ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်နှင့် ကွာခြားမှု သိပ်မရှိလှပဲ သူမခရီးစဉ်အတွင်းမှာပင်ပဲခူး ဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအခြေနေတို့နှင့် ပတ်သက်၍ ယနေ့ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းမှုတွင် ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်ရှိ လူ့အခွင့်ရေးအခြေနေမှာ ပိုမိုကောင်းမွန်ရန်လိုအပ်နေပြီး ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း စေတီတည်မှုအပါဝင် အခြားသော ဘာသာသာသနာနှင့် ကိုးကွယ်ယုံကြည်မှုအတွက် ခြိမ်းခြောက်မှု ပြဿ နာရပ်များလည်း ရှိနေသည်ဟု မစ္စရန်ဟီလီက ပြောသည်။ လူ့အခွင့်ရေး ပြဿ နာများမှာ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်နေသောကြောင့် ဒီမိုကရေစီပိုမိုရှင်သန်စေရန်နှင့် လူ့အခွင့်ရေးပြဿ နာများ ပိုမိုလျော့ကျစေရန် အစိုးရသစ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း မစ္စရန်ဟီလီက တိုက်တွန်းပြောဆိုသည်။

The Ladies News


No comments: