Sunday, July 10, 2016

ဖားကန့်ဒေသမှ ကျောက်စိမ်းများ အလွန်အကျွံ ထုတ်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတွင်ပင် ကျောက်စိမ်းပြပွဲများ ပြုလုပ် -------------------------

အစိုးရက ဦးဆောင်ကာ တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်သည့် ကျောက်မျက် အရောင်းပွဲအား ပြုလုပ်လျက်ရှိသော်လည်း ၂၀၁၅ ခုနှစ်မှ စတင်ပြီး ဈေးကွက်ဝယ်လိုအား နည်းပါးမှုကြောင့် ကျောက်စိမ်းဈေးကွက် ကျဆင်းလျက်ရှိသည်။

မြန်မာ့ကျောက်စိမ်း၏ အဓိက၀ယ်ယူသူဖြစ်သော တရုတ်နိုင်ငံတွင် စီးပွားရေး နှေးကွေးလာမှု၊ ကျောက်စိမ်း အလွန်အကျွံ ထုတ်လုပ်မှုနှင့် အစိုးရသစ် အကူးအပြောင်းကာလတွင် ဈေးကွက်မရေရာမှုတို့ကြောင့် ဈေးနှုန်းကျဆင်းရခြင်း ဖြစ်သည်ဟု ကျောက်စိမ်းလုပ်ငန်းရှင်များက ဆိုသည်။

တရုတ်နိုင်ငံမှာ စီးပွားရေး အေးစက်နေပြီး ကျောက်စိမ်းဈေးကွက် ကျဆင်းနေပါတယ်။ မရောင်းရသေးတဲ့ ကျောက်စိမ်းတွေ ပုံနေပါတယ် ဟု ကျောက်ဈေးကွက်ကျွမ်းကျင်းသူတစ်ဦးက The Ladies သို့ ပြောကြားခဲ့သည်။

ဈေးကွက် ၀ယ်လိုအားထက် ပိုမိုကာ ကျောက်စိမ်းများ အလွန်အကျွံ ထုတ်ယူနေခြင်းကြောင့် ကျောက်စိမ်းဈေးကွက် ကျဆင်းနေခြင်းဖြစ်သည်။

တရုတ်ဘဏ်များက ကျောက်စိမ်းနဲ့ ကျောက်မျက်ကုန်သည်များအား ငွေထုတ်ချေးခြင်း ရပ်ဆိုင်းခဲ့သည် ဆိုသော်လည်း အမှန်မှာ ဖားကန့်ဒေသမှ အလွန်အကျွံ ကျောက်စိမ်းထုတ်လုပ်မှုကြောင့် တရုတ်ဝယ်လက်များတွင် ကျောက်စိမ်း အရည်အသွေးကောင်းများ သိုလောင်ထားပြီး ဈေးကစားနေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသမှ ကျောက်စိမ်းကုန်သည်တစ်ဦးက The Ladies သို့ ပြောကြားခဲ့သည်။

"တရုတ်တွေက မြန်မာကျောက်မျက်ပွဲကို မှီခိုနေဖို့ မလိုတော့ဘူး။ သူတို့ကိုယ်တိုင် ကျောက်စိမ်းရောင်းချပွဲကို တရုတ်နိုင်ငံဖက်မှာ လုပ်နေကြပြီ။ ဟောင်ကောင်က ၀ယ်လက်တွေကလည်း အဲသည်ကိုပဲ ဆင်းကျတော့တယ်။ သူတို့ဘက်က ကျောက်ပွဲက ကျောက်ပိုသေးတယ်၊ ခွဲပြီးသားပေါ့ဗျာ၊ အရည်အသွေးကို ပိုခံမှန်းရလွယ်ပြီး ဈေးကလည်း ခေါင်ခိုက်နေတာပါပဲ" ဟု ယင်းက ဆိုသည်။

ANNM

The Ladies News

ဓါတ်ပုံ - တရုပ်ပြည် ဖူချီကုပ္မဏီမှ ပြုလုပ်သော ကျောက်စိမ်းပြပွဲ (ရွှေထူး)

No comments: