Saturday, July 16, 2016

ဆီးကို လောင်စာဆီ အစားထိုး အသုံးပြုနိုင်ဖို့ ဗြိတိန် သုတေသီတွေ ကြိုးစားနေ

မော်တော်ကား နည်းပညာ စီးဆင်းမှုမှာ အသစ်အသစ်သော စွမ်းအင်ရင်းမြစ်တွေကို ရှာဖွေနေကြတာ မဆန်းပါဘူး။ အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ စွန့်ပစ်ဓာတ်ငွေ့တွေ ထုတ်လုပ်နိုင်တဲ့ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကို လျှော့ချဖို့အတွက် သန့်စင်စွမ်းအင် နည်းလမ်းသစ်တွေကို ကြိုးစား ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်က သုတေသီတချို့ရဲ့ စိတ်ကူးကတော့ သမားရိုးကျ လမ်းကြောင်းတွေကနေ ဖောက်ထွက်လွန်းနေတယ်။
 
ဘရစ္စတိုမြို့မှာရှိတဲ့ အင်္ဂလန် အနောက်ပိုင်း တက္ကသိုလ်က ပညာရှင်တွေဟာ လူသားရဲ့ ကျင်ငယ်ရည် (ဆီး)ကနေတဆင့် ကားတွေအတွက် စွမ်းအင် ထုတ်လုပ်နိုင်မယ့် နည်းလမ်းကို ကြံဆ ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒါဟာ လျှပ်စစ်စွမ်းအင်၊ ဟိုက်ဒရိုဂျင်လောင်စာတောင့် စွမ်းအင်ဆိုတဲ့ ရုပ်ကြွင်းလောင်စာ အစားထိုး နည်းလမ်းတွေနဲ့ အကြီးအကျယ် ကွာခြားနေတယ်။
 
တက္ကသိုလ်က သုတေသီတွေရဲ့ အဆိုအရ လူသားတွေရဲ့ ဆီးမှာ ပါဝင်တဲ့ ဓာတုဓာတ်ပေါင်းတွေဟာ စွမ်းအင်လိုအပ်ချက်အတွက် အဖြေတစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ ဒီဓာတုဓာတ်ပေါင်းတွေကို စနစ်တကျ ပေါင်းခံ ဓာတ်ပြုလိုက်ပြီးရင် တခြား လောင်စာရင်းမြစ်တွေလို ဖြစ်လာနိုင်တယ်လို့ ဆိုတယ်။ တစ်နည်းအားဖြင့် ဆီးမှာပါဝင်တဲ့ ဓာတုစွမ်းအင်ကို လျှပ်စစ်စွမ်းအင်၊ စက်စွမ်းအင်တွေအဖြစ် ပြောင်းလဲပစ်ဖို့ စိတ်ကူးထားတာပါ။
 
ဘရစ္စတိုက ဗြိတိန်သုတေသီ အဖွဲ့ဟာ Microbial Fuel Cell (MFC)ဆိုတဲ့ စနစ်တစ်ခုကို အသုံးပြုပြီး ဆီးအတွင်းကာ ဓာတု အပြောင်းအလဲ ဖြစ်စဉ်တွေကို စွမ်းအင်ထုတ်လုပ်နိုင်ဖို့ ကြံစည်နေတာပါ။ “ဆီးထဲမှာပါတဲ့ အနုဇီဝ ဓာတ်တွေရဲ့ အော်ဂင်းနစ်ပစ္စည်းတွေဟာ စွမ်းအင်အဖြစ် ပြောင်းလဲပစ်နိုင်တယ်။ ဒီပစ္စည်းတွေရဲ့ ၉၆ ရာခိုင်နှုန်းလောက်ထိကို စွမ်းအင်ရင်းမြစ်အဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံး MFC စနစ်ကတောင် လက်တွေ့အားဖြင့် ၆၀ ရာခိုင်နှုန်းအောက်လောက်ပဲ ပြောင်းလဲနိုင်သေးတယ်”လို့ အဲဒီအဖွဲ့ရဲ့ ဦးဆောင် သုတေသီ အီယွန်နစ် အိုင်ရိုပိုလော့စ်က ဆိုပါတယ်။
 
လက်ရှိ စမ်းသပ်ချက်တွေအရ လူသားရဲ့ ဆီးကနေ ထုတ်လုပ်ထားတဲ့ စွမ်းအင်ကို အသုံးပြုပြီး MFC စနစ်ဟာ LED မီးအလင်းစနစ်ကို ကောင်းကောင်း အထောက်အပံ့ ပေးနေနိုင်ပါပြီ။ ဒါပေမဲ့ ပညာရှင်တွေကတော့ ကားတွေအတွက် အနာဂတ် စွမ်းအင်ကဏ္ဍမှာ ဖြည့်ဆည်းလာနိုင်တဲ့ အဆင့်ထိ အလုပ်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။
 
“နေရောင်မရတဲ့ နေရာမှာ နေစွမ်းအင်ကို သုံးလို့မရဘူး။ လေမတိုက်တဲ့ နေရာမှာ လေစွမ်းအင် မသုံးနိုင်ဘူး။ ဒါပေမဲ့ လူသားတွေ ရှိတဲ့နေရာတိုင်း ဆီးသွားနေကြမှာပဲလေ”လို့ အိုင်ရိုပိုလော့စ်က ပြောပါတယ်။ ဒါကြောင့် ဆီးကနေ စွမ်းအင်ထုတ်လုပ်ခြင်းဟာ လူ့ပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံး နည်းပညာတစ်ခု ဖြစ်လိမ့်မယ်လို့ သူက ယုံကြည်နေတယ်။
 
ဘရစ္စတိုက ပညာရှင်အဖွဲ့ဟာ ဆီးကနေ ရယူထားတဲ့ လျှပ်စစ်စွမ်းအင်ကို ဘက်ထရီတွေမှာ စနစ်တကျ သိုလှောင်ပြီး ကားတွေအတွက် လိုအပ်တဲ့ DC ပန့်တွေ၊ DC မော်တာတွေ၊ ကွန်ပျူတာစနစ်ကို ဆက်သွယ်ထားတဲ့ အနုစိတ် ထိန်းချုပ်မှု ပစ္စည်းတွေ၊ အာရုံခံ စနစ်တွေကို စွမ်းအင် အထောက်အပံ့ ပေးနိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
 
Ref: BBC
#ZYW

No comments: