Monday, July 25, 2016

ချင်းတွင်းမြစ်ရေ တက်မှုကြောင့် အမြန်ရေယာဉ်များ ရပ်နား


Monday, July 25, 2016

မြစ်ရေမြင့်တက်မှုကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲသည့်ရေယာဉ်များ ယနေ့ (ဇူလိုင် ၂၅ ရက်) မှ စတင်၍ လေးရက်ကြာ ရပ်နားထားမည် ဖြစ်ကြောင်း မုံရွာမြို့ ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီရုံးမှ အုပ်ချုပ်ရေမှူး ဦးသောင်းညွန့်က ပြောသည်။
ချင်းတွင်းမြစ် အထက်ပိုင်းတွင် မိုးဆက်တိုက် ရွာသွန်းပြီး မုံရွာမြို့မှ အထက်ကနီမြို့၊ မင်းကင်းမြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့၊ ဖောင်းပြင်မြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိခဲ့သည်။

ထိုသို့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ချင်းတွင်းမြစ် အတွင်းရှိ ရွှေစာရေးဝဲ၊ ဝါးကျိတ်လိမ်ဝဲ၊ ပေဝဲ၊ လောင်းဂရိတ် ဝဲများတွင် ဝဲဂယက်များ ဆိုးရွားနေခြင်းကြောင့် ခရီးသွားပြည်သူများ လုံခြုံရေးအတွက် ဇူလိုင် ၁၁ ရက်နေ့မှ စတင်ကာ ဇူလိုင် ၁၆ ရက်နေ့အထိ ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင် ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ၏ ပြေးဆွဲမှုကို ရပ်နားထားခဲ့ရပြီး ယနေ့(ဇူလိုင် ၂၅ ရက်) တွင် ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်တက်လာခြင်းကြောင့် ဒုတိယအကြိမ် ရပ်နားထားရခြင်း ဖြစ်သည်ဟု ဦးသောင်းညွန့်က ပြောသည်။

“မြစ်ရေတွေက တက်နေလို့ အစည်းအဝေးလုပ်ပြီး လေးရက်အကြာ ရပ်နားထားဖို့ စီစဉ်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။
မုံရွာမြို့နှင့် အထက်ချင်းတွင်းမြစ် အတွင်းသွား ခရီးသည်တင် ရေယာဉ်အသင်း စုစုပေါင်း ကိုးသင်းတွင် ရေယာဉ်အစီးရေ ၁၂၉ စီး ရှိပြီး ကုန်တင်ရေယာဉ်အသင်း စုစုပေါင်း ၁၈ သင်းတွင် ရေယာဉ်အစီးရေ ၄၇၀ စီး ရှိကြောင်း ပုဂ္ဂလိက မော်တော်ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီရုံး မှတ်တမ်းများအရ သိရသည်။

The Voice


No comments: