Monday, April 18, 2016

COC ဂိမ်းကစားရာက စကားများရန်ဖြစ်ကာ အစ်ကိုဝမ်းကွဲကို ညီဖြစ်သူက ဝက်အူလှည့်ဖြင့် ထိုးသတ်

COC ဂိမ်းကစားရာက စကားများရန်ဖြစ်ကာ အစ်ကိုဝမ်းကွဲကို ညီဖြစ်သူက ဝက်အူလှည့်ဖြင့် ထိုးသတ်
*******************************
တောင်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက် သုတ (၈) လမ်းတွင် ဧပြီ ၁၇ ရက် ည ၆ နာရီခွဲက COC ဂိမ်းကစားရာက အငြင်းပွား ရန်ဖြစ်ကာ အသက် ၂၃ နှစ်အရွယ် အမျိုးသားကို ၎င်း၏ ညီတစ်ဝမ်းကွဲတော်စပ်သူက ဝက်အူလှည့်ဖြင့် ထိုးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ဝက်အူလှည့်ဖြင့် ထိုးသတ်ခဲ့သော အသက် ၂၂ နှစ် အရွယ် ကိုနိုင်ဝင်းထွန်း (ခ) နိုင်နိုင်မှာ သုတ (၈)လမ်းတွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့ညနေက တစ်အိမ်ထဲအတူနေ ၎င်း၏ အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုအောင်ကိုကိုဦးနှင့် နေအိမ်ခြံရှေ့ ထိုင်ခုံတွင် COC ဂိမ်းအတူ ကစားရာမှ စကားများ ရန်ဖြစ်ကာ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"ညီအစ်ကို နှစ်ယောက် COC ဂိမ်း အတူဆော့ရင်း မခံချင်အောင် အပြိုင် စနောက်ရာက ရှုံးသူက စိတ်ဆိုး ဒေါသဖြစ်ပြီး အိမ်ထဲက ဝက်အူလှည့် ယူပြီး အစ်ကိုဝမ်းကွဲရဲ့ဘယ်ဘက်နံကြားထဲကို ထိုးသွင်းသတ်လိုက်တာ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းလူသတ်မှုဖြစ်စဉ်မှ ကိုနိုင်ဝင်းထွန်း(ခ) နိုင်နိုင်ကို တောင်ဥက္ကလာပမြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

No comments: