စင်ကာပူနိုင်ငံ
စိတ်ကျန်းမာရေးသိပ္ပံ Institute of Mental Health (IMH) ဆေးရုံတွင်
တက်ရောက် ဆေးကုသနေသည့် စင်ကာပူနိုင်ငံသား နာတာရှည် စိတ်ရောဂါသည် လူနာအား
ထိုးကြိတ်ကန်ကျောက်ခဲ့သည့် မြန်မာသူနာပြု တစ်ဦးသည် ဧပြီ ၁၈ ရက်က
ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရကြောင်း စင်ကာပူ The Straits Times သတင်းစာက
ဖော်ပြခဲ့သည်။
The Straits Times သတင်းစာ၏ ဖော်ပြချက်အရ အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသား သူနာပြု ကိုအောင်ဖြိုးသူသည် နာတာရှည် စိတ်ရောဂါ ခံစားနေရသူ Mr Kong Ah Moe ၅၆ နှစ်အား ပြင်းထန်စွာ ထိုးကြိတ်ကန်ကျောက် ခဲ့သည်ဟု ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်မှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာသူနာပြုသည် လူနာအား နံရိုးနှစ်ချောင်း ကျိုးသည်အထိ ကျောဘတ်၊ ခေါင်း၊ ရင်ဘတ်နှင့် ခြေထောက်များကို ပြင်းထန်စွာ ထိုးကြိတ်ကန်ကျောက် ခဲ့သည်ဟု သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ ဖြစ်ရပ်ဖြစ်ပွားသည့်နေ့တွင် ကိုအောင်ဖြိုးသူသည် ဆေးရုံ၌ ညဘက်တာဝန်ကျနေခဲ့ပြီး မနက် ၅ နာရီ ၅၅ မိနစ်ခန့်တွင် လူနာ Mr Kong သည် အိပ်ရာမှထ၍ သောင်းကျန်းနေသည့်အတွက် စိတ်ဆိုးကာ ထိုးကြိတ်ကန်ကျောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုအောင်ဖြိုးသူသည် လူနာ၏ ညာနောက်ကျောဘတ်အား ထိုးကြိတ်ခဲ့ပြီးနောက် မျက်နှာအား အ၀တ်ဖြင့် အုပ်ကာ ဦးခေါင်းပိုင်းကို အကြိမ်များစွာ ထိုးကြိတ်ခဲ့ကြောင်း၊ ထို့ပြင် လူနာ၏ ခြေထောက်အား ကန်ကျောက်ခဲ့သလို၊ ဦးခေါင်းကိုလည်း သုံးကြိမ်ထပ်မံ ထိုးကြိတ်ခဲ့ကြောင်းနှင့် ဘယ်ဘက်နံရိုး နေရာအား ဆယ်ကြိမ်ခန့် ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
လူနာ Mr Kong အနေဖြင့် ယင်းဖြစ်ရပ် ဖြစ်ပွားချိန်တွင် အောင်ဖြိုးသူအား ပြန်လှန်တိုက်ခိုက်မှု မပြုခဲ့ကြောင်း ဒုတိယအစိုးရ ရှေ့နေချုပ် Ma Hanfeng က ပြောကြားခဲ့သည်ဟု The Straits Times သတင်းတွင် ဖော်ပြထားသည်။
ဆေးရုံတာဝန်ကျ ကြီးကြပ်ရေးမှူးက လူနာ Mr Kong ၏ ဒဏ်ရာများအား တွေ့ရှိခဲ့ပြီးနောက် အောင်ဖြိုးသူအား မေးမြန်းခဲ့ရာတွင် ၎င်းက လူနာသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု လိမ်လည် အစီရင် ခံခဲ့ကြောင်း သိရသည်။

No comments:
Post a Comment