Friday, January 15, 2016

ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးအတွက် အကူအညီပေးလိုဟု OIC ကမ်းလှမ်း



ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးအတွက် အကူအညီပေးလိုဟု OIC ကမ်းလှမ်း
----------------------------------------------------

ဘန်ကောက်၊ ဇန်နဝါရီ ၁၄

ထိုင်းအစိုးရနှင့် နိုင်ငံတောင်ပိုင်းမှ ခွဲထွက်ရေး အုပ်စုများအကြား ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွင် ပံ့ပိုးညှိနှိုင်းသူအဖြစ် ပါဝင်ဆောင်ရွက်လိုကြောင်း အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ကမ်းလှမ်းလိုက်သည်ဟု ယင်းအဖွဲ့၏ အတွင်းရေးမှူးချုပ် အီယာ့ဒ်အာမန် အယ်လ်မာဒါနီက ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် အင်္ဂါနေ့ (ဇန်နဝါရီလ ၁၂ ရက်နေ့) က တွေ့ဆုံပြီးနောက် ပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ဖော်ပြသည်။

“တောင်ပိုင်းမှာ ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်တော်တို့က ပံ့ပိုးညှိနှိုင်းသူတွေ အနေနဲ့ ဆောင်ရွက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်” ဟု မာဒါနီက ပြောကြားသည်။

ကုလသမဂ္ဂပြီးလျှင် ကမ္ဘာတွင် ဒုတိယအကြီးဆုံး အစိုးရများ ချိတ်ဆက်ထားသည့်အဖွဲ့ ဖြစ်သော OIC အနေနှင့် လက်နက်ကိုင် ပဋိပက္ခ ၁၂ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သော မွတ်ဆလင် လွှမ်းမိုးသည့် ဒေသတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကြိုးပမ်းနေသည်။

“လက်ရှိ ခေါင်းဆောင်မှုအောက်မှာ ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အများကြီး အားရပါတယ်” ဟု မာဒါနီက လက်ရှိ ထိုင်းစစ်အစိုးရ၏ ဗိုလ်ချုပ်ကြီး အက်ဆာရာ ကာ့ဒ်ဖူလ် ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့သစ်ကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

ယခင်က အစ္စလာမ္မစ်ကွန်ဖရင့် အဖွဲ့ဟု ထင်ရှားခဲ့သော OIC သည် မွတ်ဆလင်ကမ္ဘာ၏ စုစည်းထားသောအမြင်ကို ကိုယ်စားပြုနေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေး ခေါင်းစဉ်အောက်တွင် မွတ်ဆလင် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် တည်ထောင်ထားခြင်း ဖြစ်သည်။

ဘန်ကောက်သို့ မရောက်ရှိမီ မာဒါနီသည် တောင်ပိုင်းခွဲထွက်ရေးအဖွဲ့ ခြောက်ဖွဲ့ ပူးပေါင်းထားသည့် ညွန့်ပေါင်းအဖွဲ့ မာရာပတ္ထနီမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

မာရာပတ္ထနီ ညွန့်ပေါင်းအဖွဲ့တွင် ဘာရီဆန်ရီဗော်လူစီနေရှင်နယ် (BRN)၊ ဂီရာကန် မူဂျာဟေဒင် အစ္စလာမ်ပတ္ထနီနှင့် ပတ္ထနီ လွတ်မြောက်ရေးအဖွဲ့ (PULO) မှ အဖွဲ့ခွဲ သုံးဖွဲ့တို့ ပါဝင်သည်။

ထိုင်းနိုင်ငံ၏ တောင်ဘက်အကျဆုံး စီရင်စုသုံးခုမှ အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များကိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်းတို့ ပါဝင်ဆောင်ရွက်မည့် အခန်းကဏ္ဍကို ဆွေးနွေးရန် မလေးရှားတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ဖိတ်ကြားခဲ့ကြောင်း ပတ္ထနီတက္ကသိုလ်၊ တောင်ပိုင်းစွန်းဒေသ စောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာဆရီဆုမ်ပေါ့ ဂျီပီရွမ်ဆရီက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲအပေါ် ထိုင်းတာဝန်ရှိသူအချို့က ကျေနပ်ခဲ့ခြင်း မရှိသော်လည်း ဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယခုဆွေးနွေးပွဲသည် အထောက်အပံ့ ဖြစ်စေသည်ဟု မာဒါနီက ပြောကြားသည်။

နောက်တစ်ကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မည်သည့်အချိန်တွင် ကျင်းပမည်ကို မသိရသေးသော်လည်း နှစ်ဖက်စလုံး အဆက်အသွယ်မပြတ် ဆက်ရှိနေမည်ဖြစ်ပြီး ပုံမှန်တံခါးပိတ် ဆွေးနွေးပွဲများ ရှိနေမည်ဟု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်သည့် ထိုင်းအစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

No comments: