Friday, January 15, 2016

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန် ဘာကွာလဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းထိန်တို့အား ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သော အနှေးယာဉ်လုပ်သား ဆိုက္ကားဆရာကြီးများအား ဂုဏ်ပြုပွဲ၌ တွေ့ရစဉ်
လွတ်လပ်တဲ့ အာရှအသံ (RFA)သတင်းဌာနက ဇန်န၀ါရီ ၁၄ ရက်မှာ ထုတ်လွှင့်ဖော်ပြတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်”မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ အဖြေတွေထဲက နှစ်ခုကို သဘောကျ လက်ခံပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို RFA သတင်းဌာနက ဦးခင်မောင်စိုးမေးခဲ့တဲ့ မေးခွန်းတွေထဲမှာ တစ်ခုက အစိုးရအဖွဲ့ ရာထူးတွေ၊ တာဝန်တွေ၊ ရွေးချယ်မှုတွေ တော်တော်လေး ပြီးနေပြီလား ဆိုတာ ဖြစ်ပါတယ်။
ဒါကိုပြန်ဖြေတဲ့အခါ “ကိုခင်မောင်စိုး မစပ်စုပါနဲ့။ အချိန်တန်ရင် သိရပါလိမ့်မယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
နောက်တစ်ခုက သတင်းမီဒီယာနဲ့ ပတ်သက်တာကို မေးတာ ဖြစ်ပါတယ်။ “အစ်မတို့ပါတီက ပုဂ္ဂိုလ်တချို့ မီဒီယာကို ပြောဆိုတာနဲ့ ပတ်သက်ပြီး အစ်မသတိပေးရတယ်လို့ ကျွန်တော်ကြားဖူးတယ်။ NLD အစိုးရလက်ထက်မှာ ပြင်ပမီဒီယာက မေးမြန်းတာကို ဘယ်လိုပြန်ကြား အသိပေးမလဲ”လို့ ဦးခင်မောင်စိုးက မေးပါတယ်။
“ပြောသင့်ပြောထိုက်တဲ့လူတွေက ပြောရမှာပေါ့။ တချို့တွေက မီဒီယာကို ပြောတဲ့အခါမှာ ပြောချင်တာပဲ သိတယ်။ ပြောတတ်တာ မပြောတတ်တာကို မဆင်ခြင်တာတွေ ရှိတာပေါ့။ တစ်ခါတလေ အချက်အလက်ကိုတောင်မှ မသိဘဲနဲ့ ရမ်းပြီး ပြောတာတွေလည်း ရှိတယ်။ ဒါတွေကိုလည်း ထိန်းရတယ်။ တစ်ခါတလေကျရင် အဖွဲ့ချုပ်ရဲ့မူနဲ့ မကိုက်ညီတာတွေလည်း ပြောတာရှိတယ်။ ပါတီတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ အလုပ်လုပ်မယ် ဆိုလို့ရှိရင် ပါတီရဲ့ မူအရပဲ ပြောရမှာပေါ့”လို့  ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေခဲ့တယ်။
ဒီပြောဆိုချက်နှစ်ခုကို နားထောင်ပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်တို့ရဲ့ မီဒီယာအပေါ် ဆက်ဆံပုံ၊ ဆက်ဆံနည်း ဘယ်လိုကွာလဲဆိုတာ သတိထားမိပါတယ်။
ပထမမေးခွန်ဖြစ်တဲ့ အစိုးရအဖွဲ့ဆိုင်ရာ ကိစ္စကို RFA ကမေးလို့ ဦးဝင်းထိန်လည်း ဖြေဖူးပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မေးပါတယ်။ အမေးခံရတာချင်း အတူတူ ဖြေပုံဖြေနည်း ကွာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ကိုခင်မောင်စိုး မစပ်စုပါနဲ့။ အချိန်တန်ရင် သိရပါလိမ့်မယ်”လို့ ပြန်ဖြေပါတယ်။ ဒီနေရာမှာ ကိုခင်မောင်စိုးဆိုတာကို စကားလုံး တစ်လုံးချင်းစီ ရွတ်ပြီး မမေးဖို့ ဟန့်တားတဲ့ အနေနဲ့ ဖြေပါတယ်။ နောက်ပြီး ဒီဟန့်တားမှုက ဦးခင်မောင်စိုးကိုပဲ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ဘယ်သတင်းဌာနက မေးမေး ဒီလိုပဲဖြေမယ်ဆိုတဲ့ သဘောပေါက်မှုကို ဖြစ်စေပါတယ်။ ဦးခင်မောင်စိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အတော်ကလေး ရင်းနှီးတဲ့အဆင့် ရှိပါတယ်။ ပြောမနာဆိုမနာလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် RFA ရဲ့ “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်”အစီအစဉ်ဆိုတာ ပြည်သူကို သတင်းပေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အသုံးပြုတဲ့ တစ်ခုတည်းသော ကြားခံမီဒီယာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကပဲ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေကို နားစွင့်ခဲ့ရသလို သတင်း အတည်ပြုမှု လုပ်နေကြရတာပါ။
ဒေါ်အောင်ဆန်းစုကြည်က ဦးခင်မောင်စိုးကို "မစပ်စုပါနဲ့”လို့ပြောလိုက်တာက သူတို့နှစ်ဦးအကြား ရင်းနှီးမှုကို အခြေခံပြီး ပြောတာ ဖြစ်ပါတယ်။ ဒါကို ဘာမှ စောဒက တက်စရာ မရှိဘူး။ နောက်တစ်ပိုင်းက အဲဒီ "မစပ်စုပါနဲ့” ဆိုတဲ့အဓိပ္ပာယ်က "မဖြေနိုင်ဘူး”ဆိုတဲ့ နားလည်မှုကို အလိုအလျောက် ဖြစ်စေပါတယ်။
ဒီမေးခွန်းကိုပဲ ဦးဝင်းထိန်ကို မေးတုန်းက ဒေါ်အောင်ဆန်းစုကြည် ဖြေသလို မဟုတ်ခဲ့ပါဘူး။  ".... ခင်ဗျားတို့ သတင်းဌာနတွေရော သိစေချင်တာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအစိုးရ ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ၂၇ နှစ်၊ ၂၈ နှစ် ဘ၀တွေနဲ့ ရင်းပြီးတော့ ရုန်းကန်လို့ရတဲ့ ရလဒ်၊ အဲဒီရလဒ်ကို ခင်ဗျားတို့သတင်းဌာနက ငါးမိနစ်၊ ၁၀ မိနစ်စာလေးနဲ့ အပြောလေးနဲ့ ကျွန်တော်တို့ကိစ္စတွေ ရှုပ်ရှပ်အဖြစ်မခံချင်ဘူး” လို့ ဦးဝင်းထိန်က ဖြေပါတယ်။ ဒီအခါမှာ RFA ကမေးတာကို RFA တစ်ခုတည်းကို မရည်ရွယ်ဘဲ ”သတင်းဌာနတွေ” လို့ သုံးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးခင်မောင်စိုးက မေးတဲ့အတွက် ဦးခင်မောင်စိုးကိုပဲ ဦးတည်ပြီး ပြန်ဖြေပါတယ်။
ဦးဝင်းထိန်ရဲ့ အသုံးအနှုန်းက သတင်းဌာနအားလုံးကို ၀ါးလုံးရှည်နဲ့ ရမ်းပါတယ်။ ဒါ့အပြင် ဦးဝင်းထိန်ရဲ့ ဖြေကြားမှုဟာ RFA သတင်းဌာန တစ်ခုတည်းအတူတူ၊ မေးခွန်း သဘောတရား အတူတူ ကိုကျော်ကျော်အောင် မေးတာနဲ့ မသင်းသီရိ မေးတာကို ပြန်ဖြေပုံချင်းတောင် မတူပါဘူး။ ဦးဝင်းထိန်နဲ့ ကိုကျော်ကျော်အောင်အကြား အဆင်မပြေတာရှိလို့ ဒီလိုဖြေတယ်ဆိုရင်တော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေတာ ရှိတယ်ဆိုရင်တောင် သူဖြေနေတာက RFA သတင်းဌာန၊ ပြည်သူတွေသိအောင် ထုတ်လွှင့်ဖို့အတွက် မေးတာကို နားလည်ထားရပါမယ်။ မေးခွန်းကို မဖြေချင်ဘူးဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့သလို အလိမ္မာသုံးပြီး ပါးပါးနပ်နပ်နဲ့ ရှောင်ထွက်သွားလို့ ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အစိုးရအဖွဲ့ရာထူးတွေ၊ တာဝန်ခွဲဝေမှုကိစ္စတွေ  "မစပ်စုနဲ့”ဆိုတာ လက်ခံပါတယ်။ ကျွန်တော်တို့လည်း မစပ်စုချင်ဘူး။ ဘယ်သူတွေပါမယ်။ ဘယ်သူတွေကို တာဝန်ပေးမလဲဆိုတာ စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ ဘယ်လိုမူနဲ့ ရွေးမလဲဆိုတာ သိချင်ပါတယ်။ ပါတီရဲ့ မူဝါဒ၊ NLD ရဲ့ လူရွေးချယ်ရေး ပေါ်လစီကို သိချင်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး မူအရ ရွေးတယ်ဆိုရင်ရော ဘယ်လိုလူမျိုးတွေလဲ။ အဲဒီလူတွေထဲမှာ ပြည်သူကို ကုပ်သွေးစုပ်တဲ့ ခရိုနီတွေ ပါနေမလား၊ အရင်အစိုးရလက်ထက်က အဂတိလိုက်စားမှု မကင်းခဲ့တဲ့ ၊ အကျင့်စာရိတ္တ မကောင်းတဲ့ အစိုးရအဖွဲ့ဝင်တချို့ ပါနေမလား၊ ဒါကို ပြည်သူတွေက စိုးရိမ်ပါတယ်။ သိချင်ပါတယ်။ ဒီအတွက် လူရွေးချယ်ရေး မူဝါဒပိုင်းကိုတော့ မေးချင်တယ်။ မေးခွင့်ရရင် ဒါကိုပဲမေးမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မေးပိုင်ခွင့်ရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့ Eleven Media Group က မေးခဲ့တဲ့ မေးခွန်းတွေကို ပြန်ကြည့်ရင်လည်း ပုဂ္ဂိုလ်ရေး အလေးမပေးဘဲ မူပိုင်းဆိုင်ရာတွေကိုပဲ မေးခဲ့တယ်ဆိုတာ ပြန်လေ့လာကြည့်ရင် သိကြပါလိမ့်မယ်။
မူကိုအခြေခံပြီး သတင်းထွက်လာတဲ့  လူတွေကိုတော့ စပ်စုချင် စပ်စုကြမှာ ဖြစ်ပါတယ်။ စပ်စုတဲ့အဆင့်ကကျော်ပြီး သတင်းနှိုက်ရာက အနှိုက်မတော်ဘဲ ငေါက်ငမ်းခံရ၊ အဆဲခံရရင်လည်း အဲဒီလိုလုပ်တဲ့ သတင်းသမားနဲ့ပဲ ဆိုင်ပါတယ်။ သူခံရုံကလွဲပြီး အခြားမရှိပါဘူး။
နောက်မေးခွန်းတစ်ခုက ၀န်ကြီးနေရာတောင်းတဲ့ လျှောက်လွှာကိစ္စ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဖြေပုံက လှပါတယ်။
ဦးဝင်းထိန်က " အဲဒီတောင်းတာက ပါတီဝင်တွေရော၊ အပြင်ကလူတွေရော လျှောက်လွှာတွေ ကျွန်တော့်ဆီမှာ တစ်ပုံကြီး။ ဘယ်လောက် စိတ်ပျက်စရာကောင်းလဲ။ ဒီမိုကရေစီ လှုပ်ရှားမှုတုန်းကတော့ လက်ကလေးတောင်မှ တစ်ချက်မမြှောက်တဲ့ သူတွေက အခုဖြစ်ချင်တဲ့ အခါကျတော့ ကျွန်တော်တို့က ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာပေါ့ဗျာ” လို့ ဖြေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ “အဲဒီရောဂါက ဟိုးတုန်းကတည်းက ရှိခဲ့တာ။ (ပေါ့ပေါ့ပါးပါး ရယ်မောလျက်) ၈၈ လောက်ကတည်းက အဲဒီရောဂါကို သတိပြုမိတယ်”လို့ ဆိုပါတယ်။ အရည်အချင်းပိုင်းနဲ့ ပတ်သက်ပြီး ထပ်မေးလာတဲ့ မေးခွန်းကို ပြန်ဖြေရာမှာ "အများအားဖြင့်လေ။ ကိုယ့်မှာ အရည်အချင်း တကယ်ရှိလို့ရှိရင် ဖော်ပြဖို့လည်း သိပ်မလိုဘူး။ သိကြတာပဲ။ အသိုင်းအ၀ိုင်းက သိကြတာပဲ။ တာဝန်ပေးပါ ဆိုတာကလည်း တကယ် တာဝန်ယူချင်တဲ့သူက တာဝန်ကို ကျေပွန်အောင် လုပ်ခဲ့တာပဲ။ ပေးတဲ့တာဝန်တွေကို တစ်ခုပြီးတစ်ခု ကျေပွန်အောင် လုပ်ခဲ့တဲ့အခါကျတော့ တာဝန်ပေးပါလို့တောင် ပြောဖို့မလိုပါဘူး။ ဒီလူကတော့ တာဝန်ကျေတဲ့လူပဲ ဆိုတာ သိနေတဲ့ အခါကျတော့ တာဝန်ကို လိုက်ကိုပေးကြရပါတယ်”လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။
ဒီအဖြေနှစ်ခုကို ယှဉ်ကြည့်ရင်လည်း ဘယ်အဖြေက လက်ခံနိုင်ဖွယ် ကောင်းသလဲ ဆိုတာ ထင်သာမြင်သာ ရှိပါတယ်။ ဦးဝင်းထိန်ကတော့ မဆီမဆိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတုန်းကတော့ လက်ကလေးတောင်မှ တစ်ချက်မမြှောက်တဲ့ သူတွေဆိုပြီး ရမ်းသမ်းပြောတယ်။ အခုထိလည်း ပြောနေတုန်းပဲ။ ကျွန်တော်တို့ ပြောချင်တာကလည်း ဒါပါပဲ။
အစိုးရအဖွဲ့တွင်းမှာ အနစ်နာခံလို့ နေရာရတာထက် အရည်အချင်းရှိတဲ့သူ၊ လုပ်ရည်ကိုင်ရည် ရှိတဲ့သူပဲဖြစ်ဖို့ အရေးကြီးတယ်။ ပြည်သူကို ကုပ်သွေးစုပ်ထားတဲ့ ခရိုနီတွေနဲ့ လည်ပင်းဖက်နိုင်၊ ပြည်သူကိုနှိပ်စက်ခဲ့တဲ့ အာဏာရှင်တွေနဲ့ လက်ဆွဲနှုတ်ဆက်နေချိန်မှာ ကျန်တဲ့သူတွေထဲက အရည်အချင်းရှိတဲ့ သူတွေကို ဒီမိုကရေစီ လှုပ်ရှားမှုမှာ အနစ်နာခံခဲ့သူ မဟုတ်ဘူးဆိုပြီး ပယ်တော့မှာလား။ လျှောက်ကြပါစေ။ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ၀င်လျှောက်မှာပဲ။ လျှောက်တဲ့သူတွေကို ရယ်သွမ်းသွေး၊ ဟာသလုပ် နှိပ်ကွပ်နေတာမျိုး မလုပ်ဘဲ ကိုယ့်ပါတီမူဝါဒနဲ့ ကိုက်ညီရင် ရွေးလို့ရသလို မညီရင် မရွေးလို့ ရပါတယ်။ ဒါပေမဲ့ အပြောမတတ်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြွေးကြော်နေပြီး ခွဲခြားဆက်ဆံသလို ဖြစ်သွားပါတယ်။
သတင်းထုတ်ပြန်မှုအတွက် မေးတဲ့ မေးခွန်းမှာလည်း နှစ်ယောက်အဖြေ မတူဘူး။
ဦးဝင်းထိန်က "ကျုပ်တို့က မပြောနဲ့လို့ တားထားတာ”ဆိုပြီး မဆီမဆိုင် သေသွားတဲ့ ဦးကြည်မောင်ကို ဆွဲထည့်ပါတယ်။ သမိုင်းမသိသူတွေကြားမှာ ဦးကြည်မောင်ကြောင့် အာဏာမရသွားတဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာလည်း အပြောမတတ်တော့ အုတ်ဂူကို တံတွေးနဲ့ထွေးသလို ဖြစ်သွားပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ စစ်အာဏာရှင်တွေက ဦးကြည်မောင် စကားကြောင့် အာဏာမလွှဲခဲ့တာ မဟုတ်ပါဘူး။ မလွှဲချင်လို့ကို မလွှဲခဲ့တာ ဖြစ်ပါတယ်။
ဒီမေးခွန်းကိုပဲ ဒေါ်အောင်ဆန်းစုကြည် ဖြေတဲ့အခါ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင်ဝန်ခံ ပြောသွားပါတယ်။ ပြောချင်တာပဲသိပြီး ပြောတတ်၊ မပြောတတ်တာကို မဆင်ခြင်၊ အချက်အလက်ကိုတောင် မသိဘဲ ရမ်းပြော၊ အဖွဲ့ချုပ်ရဲ့မူဝါဒနဲ့ မကိုက်ညီတာတွေကို ပြောတဲ့သူတွေရှိတယ်၊ ဒါတွေကို ထိန်းရတယ်လို့ ပြောခဲ့ပါတယ်။
ထပ်ပြောရင်တော့ ဦးဝင်းထိန်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဝေဖန်၊ ထောက်ပြခဲ့တာတွေဟာ ပုဂ္ဂိုလ်ရေး တစ်ခုမှမပါသလို အကြောင်းအချက်ပေါ် မူတည်တဲ့ မူပိုင်းဆိုင်ရာကိုပဲ ပြောခဲ့ပါတယ်။ ဒီအတွက် မှန်ခြင်း၊ မမှန်ခြင်းကို ဇန်န၀ါရီ ၁၄ ရက်က ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ RFA အင်တာဗျူးကို နားထောင်ပြီး နှိုင်းယှဉ်ကြည့်လို့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်တို့ရဲ့ အင်တာဗျူးဖြေပုံ ကွာခြားချက်ကိုကြည့် ပြီး NLD မှာ ဒေါ်အောင်ဆန်းစုကြည် ခြေရာ နင်းနိုင်တဲ့ ပြောရေးဆိုခွင့်ရှိသူ လိုအပ်နေပြီ ဆိုတာကိုပဲ ထပ်ပြောရပါမယ်။ တစ်ဦး၊ နှစ်ဦးတင်မကဘဲ အဖွဲ့လိုက်ထားဖို့ လိုအပ်နေတာပါ။ အစိုးရအဖွဲ့ ဖြစ်လာပြီဆို အခုလို ဖြေပေါက်တွေနဲ့ မရတော့ပါဘူး။
လေးလေးနက်နက် ထပ်ပြောချင်တာကတော့ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး အဆင်ပြေနေစရာ မလိုပါဘူး။ ပေါင်းနေစရာလည်း မလိုပါဘူး။ ပွင့်လင်းမြင်သာမှု (Transparency) ရှိဖို့ပဲ လိုပါတယ်။
Writer: 
နေထွန်းနိုင်

No comments: