ဦးပိုင်နှင့်ပတ်သက်၍ ဆွေးနွေးသုံးနှုန်းသည့်အတွက် အဖွဲ့အစည်း တစ်ခုကို
သိက္ခာကျစေသည့် အသုံးအနှုန်း မပြောရန် သူရဦးရွှေမန်းက NLD အမတ်ကို
သတိပေး
------- ------- --------
အမျိုးသား စီမံကိန်းဥပဒေကြမ်း၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မူနှင့် အခြေခံသဘော
အပါအ၀င် စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
လွှတ်တော်အမတ် တစ်ဦး ဆွေးနွေးစဉ် ပြည်ထောင်စု လွှတ်တော်နာယက
သူရဦးရွှေမန်းက အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေသည့် အသုံးအနှုန်း မပြောရန်
ဇန်န၀ါရီ ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
သတိပေးခဲ့သည်။
တပ်မတော် အရာရှိကြီးများ အလျှံပယ် ပြည့်စုံနေသလောက် အောက်ခြေရဲဘော်များ
ဆင်းရဲချို့တဲ့နေမှု ကို NLD လွှတ်တော် အမတ်ဖြစ်သူ ဒေါက်တာအောင်မိုးညိုက
၎င်း၏ ဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားစဉ် သူရဦးရွှေမန်းက “ဒီမှာ…
ဘယ်အဖွဲ့အစည်း သို့မဟုတ်ရင် သိက္ခာကျစေတဲ့ အသုံးအနှုန်းတွေ မသုံးပါနဲ့။
နောက်ဆုံးအကြိမ် သတိပေးတာပါ” ဟု ကြားဖြတ် သတိပေးခဲ့ခြင်း ဖြစ်သည်။
“အထည်ချုပ်စက်ရုံလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ လက်ပံတောင်းတောင် စီမံကိန်း
လည်း မြန်မာ့စီးပွားရေးဦးပိုင်၊ ကြယ်ငါးပွင့် ပင်လယ်ကူး သင်္ဘောလိုင်းလည်း ဦးပိုင်၊
စသည်ဖြင့် ဦးပိုင် ပိုင်တာတွေ များသော်လည်း အောက်ခြေ တပ်မတော်သားများရဲ့
လူမှုစီးပွားဘဝကို ဘယ်လောက် အထောက်အကူပြုနေသလဲ ကျွန်တော်မသိပါဘူး။
ကျွန်တော့် မဲဆန္ဒနယ်က တပ်မှာတော့ မသေရုံတစ်မယ် စားနေရပြီး အရှက်လုံရုံ
ဝတ်ဆင်နေကြရပါတယ်။ ထင်းခွေစားတဲ့လူနဲ့၊ တောကြိုအုံကြား ကင်ပွန်းချဉ်ရွက်
ခူးရောင်းတဲ့သူနဲ့ ဒီလို မဖြစ်သင့်ပါဘူး” ဟု လည်း ဒေါက်တာအောင်မိုးညိုက
ဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၏ မူနှင့် အခြေခံသဘော
အပါအဝင် စီမံကိန်း လုပ်ငန်းများတွင် တပ်မတော်အနေဖြင့် လယ်ယာမြေ
သိမ်းဆည်းခံ ပြည်သူများ နစ်နာမှုမရှိရန် လျော်ကြေးပေး၍ အလေးထား ဖြေရှင်း
မည်ဟု ဖော်ပြထားပြီး လယ်ယာမြေ လျော်ကြေးများကို ကာလပေါက်ဈေးဖြင့်
ပေးလျော်ရမည်ဟု သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့က ညွှန်ကြားထားသော်
လည်း မကွေးတိုင်းတွင် သိမ်းဆည်းမြေ တစ်ဧကလျှင် ကျပ် ၆,၀၀၀ နှုန်းဖြင့်သာ
လျော်ကြေးပေးသည်ဟု ဒေါက်တာအောင်မိုးညိုက ပြည်ထောင်စုလွှတ်တော်တွင်
ပြောဆိုခဲ့သည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘော
အပါအဝင် စီမံကိန်းလုပ်ငန်းများ အပေါ် ဒေါက်တာအောင်မိုးညိုနှင့် အခြား
လွှတ်တော်အမတ် နှစ်ဆယ်ကျော်က ဆွေးနွေးကြမည်ဖြစ်ပြီး တစ်ဦးလျှင်
ခြောက်မိနစ် ကြာ ဆွေးနွေးရန် သူရဦးရွှေမန်းက ခွင့်ပြုထားခြင်းသည်။
သတင်း - ဇော်မင်းထွန်း
photo -globalnewlightofmyanmar
The Ladies News Journal
No comments:
Post a Comment