စမတ်ဖုန်း
အသုံးပြုသူများ အတွက် ရည်ရွယ်၍ Duwun (ဓူဝံ) အမည်ရှိ ဒီဂျစ်တယ် မီဒီယာ
(သတင်း ဝက်ဘ်ဆိုက်) တစ်ခုကိုမြန်မာနိုင်ငံတွင် စတင်
မိတ်ဆက်လိုက်ပြီဖြစ်သည်။ www.duwun.com.mm
လိပ်စာဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး အဆိုပါ ဓူဝံဝက်ဘ်ဆိုက်ကို
ဆွစ်ဇာလန်အခြေစိုက် Ringer နှင့် ပြည်တွင်းကုမ္ပဏီ Information Matrix တို့
အကျိုးတူ ပူးပေါင်းထားခြင်း ဖြစ်သည်။ ယခုတွေ့ဆုံမေးမြန်းချက်မှာ ဓူဝံနှင့်
ပတ်သက်၍ အာဖရိကနှင့် အာရှဆိုင်ရာ Ringer ၏ စီအီးအို Mr.Robin Lingg နှင့်
တွေ့ဆုံမေး မြန်းခဲ့သည်များထဲမှ အချို့ကိုကောက်နုတ် ဖော်ပြထားခြင်း
ဖြစ်ပါသည်။
ဓူဝံဝက်ဘ်ဆိုက်ကို ဘယ်လို ရည်ရွယ်ချက်နဲ့စတင် ဖြစ်ခဲ့ပါသလဲ။
သမားရိုးကျ သတင်းတင်ဆက် ပုံတွေနဲ့ မတူဘဲ ပုံစံသစ်နဲ့ နိုင်ငံရေး၊ ဖျော်ဖြေရေး၊ အားကစားလူမှု ဘဝတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရည်ရွယ်ပြီး လွှင့်တင်သွားမှာပါ။ ဓူဝံကို မြို့ပြနေလူငယ်များ အတွက် ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ မိုဘိုင်း အသုံးပြုမှု အရမ်းကိုများပါတယ်။ ဒီလိုမျိုး အွန်လိုင်း အခြေပြုလုပ်ငန်း လုပ်ခြင်းအားဖြင့် တစ်နေ့တစ်နေ့ ဓူဝံကနေရလာမယ့် သတင်းအချက်အလက်တွေဟာ လူ ငယ်တွေကြားထဲကို လျင်လျင်မြန်မြန်နဲ့ အလွယ်ကူဆုံး ရောက်ရှိသွားမယ်လို့ ယူဆပါတယ်။ ဓူဝံကို Information Matrix နဲ့ အကျိုးတူ ပူးပေါင်းပြီး စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဓူဝံဝက်ဘ်ဆိုက်ကို အများ ပြည်သူ ရှေ့မိတ်ဆက်တော့မယ်။ အဲ့ဒီလို အခြေအနေမရောက်ရှိခင်မှာ ဘယ်လို အခက်အခဲတွေ့ကြုံခဲ့ရပါသလဲ။
အများကြီးပါပဲ။ ဒီမှာတော့ မဟုတ်ဘူး။ ဒီလိုမျိုး လုပ်ခဲ့တဲ့ အခြားနိုင်ငံတွေမှာပါ။ အဓိကတော့ လေ့ကျင့်သင်ကြား ပေးတဲ့ပုံစံပါပဲ။ Social Media ကို ကျွမ်းကျွမ်း ကျင်ကျင် အသုံးချတတ်သူတွေ၊ အရေးအသား ပြေပြစ် ကောင်းမွန်တဲ့သူတွေစတဲ့ အရည်အချင်းတွေ ပြည့်ဝတဲ့ ဝန်ထမ်းတွေလည်း လိုအပ်ပါတယ်။ ဒီမှာ လုပ်ရတာ အခြားနိုင်ငံတွေထက် ပိုအဆင်ပြေတာက မြန်မာနိုင်ငံက ပါတနာက အဆင်ပြေလို့ပါ။ နောက်ပြီး အာဖရိကမှာ ၁၈ လကြာလုပ်ခဲ့တဲ့ နည်းပညာကို ဒီမှာ နည်းနည်းပြင်ဆင်ပြီး သုံးလိုက်တာ အဆင်ပြေပါတယ်။ နောက်ထပ်စိန်ခေါ်မှုကလာမယ့် ၁၂ လအကြာမှာ လက်ရှိ အလုပ်လုပ်နေတဲ့ အဖွဲ့က သူတို့ ကိုယ်သူတို့ နှိုင်းယှဉ် ရပါမယ်။ ပြန်လည် လေ့လာ သုံးသပ်ရပါမယ်။ ပရိသတ်တွေရဲ့ အားပေးမှု ကို ရယူပြီး ပိုကောင်းတဲ့ တင်ဆက်မှု မျိုး ပေးရပါမယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်တွေဟာ ဖေ့စ်ဘုတ်ကို ဘယ်လိုအသုံး ပြုနေသလဲဆိုတာကို ပြန်လည် သုံးသပ်ပြီး ရှေ့ဆက် သွားနိုင်ဖို့ပါ။ လောလောဆယ်မြင်နိုင်တဲ့ အခက်အခဲတွေ ရှိသလို မမြင်နိုင်တဲ့ အခက်အခဲတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အခြား သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ဘယ်လိုကွာခြားချက် ရှိနိုင်ပါသလဲ။
ဓူဝံက ဒီဂျစ်တယ် မီဒီယာ အထူးပြုဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဓူဝံကို ကြည့်လိုက်တာနဲ့ ဒီဂျစ်တယ် နည်းပညာနဲ့ သတင်းအချက်အလက် အားကောင်းကောင်းနဲ့ တင် ဆက်ထားတာကို အရမ်းကို သိသာမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက စာဖတ်ပရိသတ်ကို `လန်းဆန်းတဲ့ အမြင်မျိုး ရရှိစေမှာပါ။ ဝက်ဘ်ဆိုက်ကို လာကြည့်တဲ့ သူတွေကို နောက်တစ်ကြိမ် လာကြည့်ဖို့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ အခြားသော ဒီဂျစ်တယ် အွန်လိုင်းမီ ဒီယာတွေကို လေ့လာကြည့်တဲ့ အခါ ချဉ်းကပ်ပုံအားနည်းပြီး ဒီဂျစ်တယ် ပုံစံ သိပ်မပေါက်ဘူးလို့ မြင်မိပါတယ်။ ဓူဝံကတော့ ဒီဂျစ်တယ် ဆန်ဆန်ပုံစံနဲ့ သတင်း အချက်အလက်တွေကို ဖြန့်ဝေနေမှာပါ။
ဓူဝံက သတင်းတင်ဆက်ပုံလည်း သိချင်ပါတယ်။
လက်ရှိမှာတော့ အများစုက ဘာသာပြန်သတင်းတွေပါ။ ပြည်တွင်းသတင်းတွေအတွက်ကတော့ အကျိုးတူပူးပေါင်းထားတဲ့ Information Matrix ကနေယူပါ တယ်။ ဒါဟာ အကျိုးတူ ပူးပေါင်း ရတဲ့ အဓိကရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။
ဘယ်လိုသတင်းမျိုးတွေ ပါဝင်မလဲ။
ဒါကလည်း လေ့ကျင့်မှုနဲ့ ကျွမ်းကျင်မှုတွေ အပေါ်မှာ အများကြီး မူတည်ပါတယ်။ အာဖရိကဘက်မှာလုပ်တဲ့ပုံစံဆိုရင် အစပိုင်း သတင်းအရေအတွက် နည်းနည်းပဲ တင်ဆက်နိုင်ပေမယ့် နောက်ပိုင်းမှာ သတင်းတွေထောင်ချီပြီး လွှင့်တင့်နိုင်ပါပြီ။ ချက်ချင်းကြီး အရေအတွက်များများ လွှင့်တင်ဖို့ဆိုတာက အရမ်းအန္တရာယ်များတဲ့ ကိစ္စပါ။ လောလောဆယ် ရည်ရွယ်တာကတော့ အရည်အသွေးကောင်းမွန်တဲ့ သတင်းတွေ ဖြစ်ဖို့ပဲလို့ ယူဆပါတယ်။
စာဖတ်ပရိသတ်အတွက် ဓူဝံက ဘယ်လောက် အတိုင်းအတာအထိ ထောက်ပံ့ပေးနိုင်မလဲ။
ပထမဆုံး ဓူဝံက စာဖတ်သူတွေကို အလျင်မြန်ဆုံး သတင်းအချက်အလက်တွေကို ယူဆောင် လာပေးမှာပါ။ ဓူဝံကို ကြည့်လိုက်တာနဲ့ စာဖတ်ပရိသတ်ဟာ ဘာဖြစ် နေသလဲဆိုတာ ခေတ်ကိုချက်ချင်း သိနိုင်ပါမယ်။ အသေးစိတ်အချက်အလက်တွေ ကျန်ရှိ ကောင်း ကျန်ရှိနိုင်ပေမယ့် နောက်ခံ အဖြစ်အပျက်ကိုတော့ သိနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဗွီဒီယို တွေ၊ ရုပ်ပုံတွေ ကြည့်ခြင်းအားဖြင့် ပြည်သူတွေကို စိတ်ကျေနပ်မှု ပေးနိုင်မယ်လို့ မျှော်လင့်ထားပါ တယ်။
အခြားဝက်ဘ်ဆိုက်နဲ့ မတူတဲ့ ထူခြားချက်ရှိရင်လည်း ပြောပြ ပေးပါ။
ဥပမာအားဖြင့် ထူးထူးခြားခြား တစ်ခုအနေနဲ့ ဓူဝံမှာ ရှယ်၊ ဟာသ၊ ဂွမ်း၊ လန်း၊ ခေတ်စာ မျက်နှာဆိုပြီး တွေ့ရမယ်။ အဲဒါလေးက စာဖတ်ပရိသတ်ရဲ့ တုံ့ပြန်ချက်ကို သိရှိလိုတဲ့အတွက် ထား ရှိပေးထားတာပါ။ သူတို့ဘာတွေ ဖတ်ခဲ့တယ်။ ဖတ်ခဲ့တဲ့ဟာတွေကို စာဖတ်ပရိသတ်အကြား အချင်းချင်း ပြောလို့ရတဲ့ ပုံစံမျိုး၊ ဖတ်ထားတဲ့ သတင်းကို ဘယ်အမျိုး အစားထဲထည့်မလဲ ဆိုတာမျိုး အတွက်ပါထားတာပါ။ ပြီးတော့ စာဖတ် ပရိသတ်နဲ့ ဝက်ဘ်ဆိုက် သတင်းတင်ဆက်သူအကြား ချိတ်ပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာ အခပေးဝက်ဘ်ဆိုက် အဖြစ်ရပ်တည်သွားဖို့ ရှိပါသလား။
မရှိပါဘူး။ ဓူဝံက စာဖတ် ပရိသတ်လိုချင်တဲ့ ပုံစံမျိုးနဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဓူဝံဝက်ဘ်ဆိုက်ကို ဝင်ကြည့် ခြင်းအားဖြင့် ဘာတွေမှတ်မှတ်ရရ သိနိုင်မလဲ။
ဓူဝံက လွှင့်တင်လိုက်တဲ့ သတင်းအချက်အလက်တွေက အရည်အသွေး ကောင်းမွန်တဲ့၊ ယုံကြည်စိတ်ချလို့ရတဲ့ သတင်းပုဒ် ရေများများကို ထုတ်လုပ်တာ မျိုးဖြစ်ရမယ်။ လူငယ်တွေရဲ့ လိုအပ်ချက်က Social Media နဲ့ အမြဲချိတ်ဆက် ဖြစ်နေတာမျိုး တွေ့ရပါမယ်။ ဒီနေရာမှာ ဓူဝံဟာထူးခြား ချက်အနေနဲ့ Twitter, Instagram၊ ဖေ့စ်ဘုတ်ခ်တို့နဲ့ အမြဲတမ်း ရှိနေပြီးတော့ သူရဲ့ အရေးကြီးဆုံး အချက်ဖြစ်တဲ့ ဓူဝံကို တင်ဆက်သူနဲ့ ဖတ်ရှုသူအကြား အပြန်အလှန် ချိတ်ဆက်မှုတွေ ရှိနေပါမယ်။
ဓူဝံဝက်ဘ်ဆိုက်အနေနဲ့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဓူဝံဟာ ဗီဒီယိုရုပ်သံတွေကိုလည်း အများကြီး ထုတ်လွှင့်ဖို့ရည်ရွယ်ထားပါတယ်။ နောက်ပိုင်းမှာ သတင်းတွေ၊ ဆောင်းပါး တွေဟာ ရုပ်သံနဲ့တင်ဆက်တာမျိုးဖြစ်ဖို့ စီစဉ်ထားပါတယ်။

No comments:
Post a Comment