Friday, January 15, 2016

လွှတ်တော်သစ်အတွက် တပ်မတော်သားလွှတ်တော်အမတ်စာရင်း ယနေ့နောက်ဆုံး ထားပေးပို့ရန် ကော်မရှင်တောင်းဆို

လွှတ်တော်သစ်အတွက် တပ်မတော်သားလွှတ်တော်အမတ်စာရင်း ယနေ့နောက်ဆုံး ထားပေးပို့ရန် ကော်မရှင်တောင်းဆို
ရန်ကုန်၊ဇန်နဝါရီ၁၄
ဖေဖော်ဝါရီလအတွင်းစတင်မည့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များစာရင်းကို ယနေ့(ဇန်နဝါရီလ ၁၅ ရက်နေ့) နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ထံပေးပို့ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးထံ တောင်းခံထားကြောင်း အဆိုပါကော်မရှင်ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူးဦးစိုင်းကျော်သူကပြောကြားသည်။
“လွှတ်တော်အစည်းအဝေးတွေက နောက်လထဲစမှာဆိုတော့ ဒီရက်အမီပို့ပေး ဖို့တောင်းခံထားတယ်၊ ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်အသိအမှတ်ပြုလွှာတွေလည်း ထုတ်ပေးရမယ့် လုပ်ငန်းတွေရှိနေတယ်လေ”ဟု ၎င်းကဆိုသည်။
သို့သော်လည်း လက်ရှိအချိန်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ပေးပို့လာခြင်းမရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။
“ကိုယ်စားလှယ်အချို့လောက်ကိုပဲ အလဲအလှယ်လုပ်လိမ့်မယ်၊ ပထမလွှတ်တော်သက်တမ်း တက်ခဲ့တဲ့ ကိုယ်စားလှယ်တွေအားလုံးကို အုပ်စုလိုက်အပြောင်းအလဲလုပ်မယ်လို့ မထင်ဘူး”ဟု ဦးစိုင်းကျော်သူကဆိုသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အစည်းအဝေးများ ကို ဖေဖော်ဝါရီလ ၁ရက်နေ့တွင်စတင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ရုံးများက ထုတ်ပြန်ကြေညာထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုက ရွေးကောက် တင်မြှောက်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၅ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။
ထို့အပြင်တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အသီးသီးတွင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည်။

No comments: