Friday, January 15, 2016

ကမ္ဘာ့ရေနံစိမ်းဈေးနှင့် ဒေါ်လာဈေးကျခြင်းကြောင့် စက်သုံးဆီဈေးထပ်ကျ

ကမ္ဘာ့ရေနံစိမ်းဈေးနှင့် ဒေါ်လာဈေးကျခြင်းကြောင့် စက်သုံးဆီဈေးထပ်ကျ
-------------------------------------------------------
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ကမ္ဘာ့ရေနံစိမ်းဈေးတစ်စည်လျှင် ဒေါ်လာ ၃၀သို့ ကျဆင်းလာခြင်းနှင့် ပြည်တွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၁၀ကျပ်အောက်သို့ ရောက်ရှိလာခြင်းတို့ကြောင့် ယခုအပတ်အတွင်း ပြည်တွင်း စက်သုံးဆီ ဈေးများ ထပ်မံကျဆင်းလာကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလဆန်းမှစ၍ ဈေးများကျဆင်းလာသော ပြည်တွင်း စက်သုံးဆီဈေးများမှာ ယခုနှစ် ဇန်နဝါရီလတွင်လည်း ဆက်လက်ကျဆင်း နေခြင်းဖြစ်ကာ ရန်ကုန်မြို့တော်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယခုလဆန်းပိုင်းက Octane 92 ဓာတ်ဆီ တစ်လီတာလျှင် ၆၄၀ ကျပ် ဝန်းကျင်အထိရှိရာမှ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ၆၁၀ ကျပ်အထိ ကျဆင်းလာကြောင်း အဆိုပါစက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
ထို့အတူ ဒီဇယ်ဈေးများမှာလည်း တစ်လီတာလျှင် ၆၁၀ကျပ်ရှိရာမှ ယခုအပတ်တွင် ၅၈၀ကျပ်အထိ ကျဆင်းနေကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေး ကျသည့်အရှိန်ကြောင့် မြန်မာနိုင်ငံက အဓိကတင်သွင်းနေသည့် စင်ကာပူ MOP Price စက်သုံးဆီဈေးနှုန်းများလည်း ကျဆင်းကာ ပြည်တွင်းဓာတ်ဆီ၊ ဒီဇယ်ဈေးများ ဆက်တိုက်ကျဆင်းခြင်းဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ပြောကြားသည်။
ကမ္ဘာ့ဈေးကွက်အတွင်း ရေနံစိမ်းဈေးများမှာမူ အီရန်နိုင်ငံက ရေနံထုတ်လုပ်တင်ပို့မှုကို မလျှော့ချနိုင်ကြောင်း ကြေညာပြီးနောက်ပိုင်း ၂၀၁၅ခုနှစ် နိုဝင်ဘာလမှစ၍ တစ်စည်လျှင် ဒေါ်လာ ၄၀အောက်သို့ ကျဆင်းလာပြီး ဇန်နဝါရီလ ၁၄ရက်နေ့တွင်မူ ဒေါ်လာ ၃၀ဝန်းကျင်အထိ ကျဆင်းလျက်ရှိသည်။
ပြည်တွင်းလက်လီစက်သုံးဆီဈေးကွက်တွင်မူ တစ်လကျော်ကာလတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၇၀ခန့်ကျဆင်းခဲ့ခြင်းဖြစ်ပြီး အဆင့်မြင့် ဒီဇယ်နှင့် Octane 95 ဓာတ်ဆီဈေးနှုန်းများလည်း လိုက်လံကျဆင်းလျက် ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှသိရသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ကမ္ဘာ့ရေနံစိမ်းဈေးများကျဆင်းမှုကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးများ လိုက်လံကျဆင်းခဲ့ရာ ပြည်တွင်း၌အသုံးပြုမှုများသည့် Octane 92 ဓာတ်ဆီတစ်လီတာလျှင် ၅၄၀ကျပ်အထိကျဆင်းခဲ့ပြီး အဆိုပါကာလက ကမ္ဘာ့ရေနံစိမ်းဈေးမှာမူ တစ်စည်လျှင် ဒေါ်လာ ၄၀ခန့် အထိသာ ကျဆင်းခဲ့ခြင်းသည်။
ယခုနှစ် ကမ္ဘာ့ရေနံစိမ်းဈေးကျဆင်းမှုမှာမူ ဒေါ်လာ ၃၀ဝန်းကျင်အထိဖြစ်သော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးများမှာ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းကထက် မြင့်တက်နေခြင်းကြောင့် စက်သုံးဆီဈေးမှာ ယခင်ကျဆင်းခဲ့သည့်တစ်လီတာလျှင် ကျပ် ၅၀၀ကျော်နှုန်းထားအထိ
မကျဆင်းခြင်းဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။
ဇန်နဝါရီလ ၁၄ရက်နေ့၌ ရန်ကုန်မြို့တော် စက်သုံးဆီအရောင်းဆိုင်မျာတွင် Octane 92 ဓာတ်ဆီတစ်လီတာလျှင် ၆၁၀ကျပ်၊ Octane 95 ဓာတ်ဆီတစ်လီတာလျှင် ၇၂၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၅၈၀ကျပ်နှင့် အဆင့်မြင့်ဒီဇယ်မှာမူ ၆၂၀ ကျပ်ဝန်းကျင်အထိ
ပေါက်ဈေးရှိသည်

No comments: