Friday, January 15, 2016

ဧရာဝတီမြစ်အထက်ပိုင်းတွင် အုပ်စုဖွဲ့လုယက်နေသူများအနက် ခြောက်ဦးဖမ်းမိ မန္တလေး၊ ဇန်နဝါရီ - ၁၄

ဧရာဝတီမြစ်အထက်ပိုင်းတွင် အုပ်စုဖွဲ့လုယက်နေသူများအနက် ခြောက်ဦးဖမ်းမိ
မန္တလေး၊ ဇန်နဝါရီ - ၁၄
ဧရာဝတီမြစ်အထက်ပိုင်းအတွင်း သွားလာနေသော စက်လှေ၊မော်တော်နှင့် သင်္ဘောများကို အုပ်စုဖွဲ့လုယက်ဓားပြတိုက်နေကြသူများအနက် ခြောက်ဦးကို အဆိုပါမြစ်ကြောင်းအတွင်း ကင်းလှည့်နေသောရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးရေကြောင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခွန်မျိုးမြရှိန်က ပြောကြားသည်။
“ ငါးရှော့တိုက်တဲ့အဖွဲ့တွေထဲက လူတွေပဲလို့ ယူဆရပါတယ်။ဒီမြစ်ကြောင်းထဲမှာ မဟုတ်တာလုပ်နေတာကတော့ သူတို့တွေပဲ ရှိမှာပဲလေ။ ကျန်တဲ့လူတွေရော ပေါ်ပေါက်လာအောင် ဆက်လက်စစ်ဆေးနေပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါဖမ်းမိထားသူ ခြောက်ဦးသည် ဇန်နဝါရီလ ၉ ရက်နေ့က မတ္တရာမြို့နယ် အပိုင်ဧရာဝတီမြစ်တွင်း သွားလာနေသော စိန်စွန်ညိုရေယာဉ်နှင့် အေးချမ်းမြန်မာ(၁) ရေယာဉ်လုပ်သားများထံမှ ကျပ်သိန်းလေးဆယ်ခန့်တန်ဖိုးရှိ ငွေနှင့်ပစ္စည်းများ လုယက်ယူဆောင်သွားသူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့လုယက်ခံရသဖြင့် စိန်စွန်ညိုရေယာဉ်ပိုင်ရှင်က လုယက်ဓားပြတိုက်သူများကို အရေးယူပေးရန် မတ္တရာမြို့နယ်ရဲစခန်းသို့ တိုင်ကြားချက်အရ တရားခံဖမ်းဆီးရမိရေး စောင့်ကြည့်ရှာဖွေလျက်ရှိရာ ဇန်နဝါရီလ ၁၁ ရက်နေ့က ရောက်မဆုတ်ကျေးရွာ အနီးတွင် မသကာင်္ဖွယ်စက်လှေနှစ်စီးပေါ်မှ လူလေးဦးတို့ကို ခေါ်ယူစစ်ဆေးရာမှ ဦးကျော်မိုးထွေး(ခ)ကိုမိုးနှင့် ဦးနန်းဝင်းအောင်(ခ)နန်းဝင်းဆန်းတို့နှစ်ဦးသည် စိန်စွန်ညိုရေယာဉ်ကို လုယက်စဉ်ကပါဝင်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။
ယင်းမှ အခြားလုယက်သူလေးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကာ ဖမ်းဆီးခံရသူတို့၏ ထွက်ဆိုချက်များအရ လုယက်စဉ်က ယူဆောင်သွားခဲ့သော သက်သေခံပစ္စည်းများ ထားရာသို့ သွားရောက်ရှာဖွေသော်လည်း ပစ္စည်းများကို မတွေ့ရကြောင်း အဆိုပါမှတ်တမ်းတွင် ပါရှိသည်။
အဆိုပါစိန်စွန်ညိုရေယာဉ်ပိုင်ရှင်၏ တိုင်တန်းမှုကြောင့် လုယက်ဓားပြတိုက်သူတို့ကို မတ္တရာမြို့နယ်ရဲစခန်းတွင် (ပ) ၈/၂၀၁၆ ၊ ပြစ်မှုပုဒ်မ ၃၉၅ အရအမှုဖွင့် စစ်ဆေးလျက်ရှိပြီး ကျန်တရားခံများကိုလည်း ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း မတ္တရာမြို့နယ်ရဲစခန်းထံမှ သိရသည်။
ဇန်နဝါရီလ ၂ ရက်နေ့ညကလည်း ဧရာဝတီမြစ်ကြောင်း တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာအနီးတွင် လှေအခွံများတင်ဆောင်၍ လူ ၆ဦး မောင်းနှင်လာသော စက်လှေ ၆ စီးကို လူ ၁၂ ဦးခန့်က ဓါး၊ လေးခွများနှင့် လာရောက်၍ စက်လှေလုယူခဲ့ပြီး မင်းကွန်းအနီးတစ်ဝိုက်မှ သဲသောင်တစ်ခုတွင်လည်း ဒီဇင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက ညအိပ်ရပ်နားသော ဝါးဖောင်တစ်စီးကို လူလေးဦးတို့က ပစ္စည်းလုယက်မှုရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

No comments: