Friday, January 15, 2016

လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုများကြောင့် သုံးရက်ဆက်တိုက် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွား

ကွတ်ခိုင်မြို့အနီး ကားလမ်းပိတ်ဆို့မှုများကြောင့် လားရှိုးမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်ကြီးများ ရပ်တန့်စောင့်ဆိုင်း နေသည်ကို ဇန်န၀ါရီ ၁၄ ရက် နေ့လည်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြားတွင် ၂၂ ဘီး တွဲကားတစ်စီး တိမ်းမှောက်မှုနှင့် ၂၂ ဘီး တွဲကားပေါ်မှ သံပေါင်များ ပြုတ်ကျမှုကြောင့် ဇန်န၀ါရီ ၁၁ ရက် ညပိုင်းမှ စတင်ကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရာ ဇန်န၀ါရီ ၁၄ ရက်ထိ သုံးရက်ဆက်တိုက် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
“ဇန်န၀ါရီ ၁၁ ရက်ကစပြီး ကားလမ်းတွေပိတ်တာ။ ယာဉ်ငယ်လေးတွေနဲ့ ယာဉ်ကြီး တချို့တော့ သွားလို့ရတယ်။ ဒါလည်း ရတဲ့နေရာတွေကနေ တိုးထွက်လာရတာပါ။ လမ်းပိတ်တာက ကားမှောက်တာကနေ စတာပါ။ တွဲကားမှောက်တာကို ပြန်ထောင်တယ်။ နောက် အဲဒီကားပေါ်က ကုန်တွေကို လာပြောင်းတယ်။ အဲ့ဒီက စပြီးပိတ်တော့တာပဲ။ အရင်တုန်းက လမ်းပိတ်တယ်ဆိုတာ လမ်းကျဉ်းတဲ့နေရာမှာပဲ ပိတ်တာ။ အခုက နေရာမရွေးဘူး” ဟု မန္တလေး-မူဆယ် ကုန်တင်ကားမောင်းသူ တစ်ဦးက ဆိုသည်။
အဆိုပါ ကွတ်ခိုင်မြို့အလွန် ရှုခင်းသာအနီးတွင် ယာဉ်ကြောများ ပိတ်ဆို့မှု အမြန်အဆင်ပြေ စေရေးအတွက် မန္တလေးဘက် အခြမ်းမှလာသော ယာဉ်ကြီးယာဉ်ငယ်များအား လားရှိုးမြို့ရှောင်လမ်းတွင် မူဆယ်သို့ ဆက်လက် ထွက်ခွာခြင်းမပြုရန် ဇန်န၀ါရီ ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ကာ ခေတ္တထိန်းထားပြီး ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင် မှန်လုံယာဉ်စီးရေ ၄၀၀ ကျော်ခန့်ထိ လားရှိုးမြို့ရှောင်လမ်းတွင် ရပ်တန့် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
“မနေ့ည ၆နာရီလောက်က လားရှိုးမြို့ ရှောင်လမ်းမှာ ထိန်းထားတဲ့ကားတွေ ပြန် လွှတ်လိုက် တယ်။ ဒါပေမယ့် ဒီနေ့ မနက်မှာ ကွတ်ခိုင်မှာ လမ်းမပွင့်သေးတဲ့အတွက် ပိုဆိုးသွားမှာဆိုးလို့ လားရှိုးမြို့ရှောင်လမ်းမှာ ထပ်တားထားရတယ်။ အခုလမ်းပိတ်တဲ့နေရာနဲ့ ဆက်သွယ်နေပါတယ်။ ဟိုမှာ လမ်းကောင်းကောင်း ပြန်ပွင့်သွားရင်တော့ လွှတ်ပေးမှာပါ” ဟု လားရှိုးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“မနေ့မနက် ၁၁ နာရီလောက်ကတည်းက ၁၀၅ မိုင်ကနေ ထွက်လာတာ။ ဒီနေ့ ညမိုးချုပ်မှ လားရှိုး ရောက်တယ်။ ပုံမှန်ဆိုရင် ဒီအချိန် မန္တလေးမှာ ကုန်ချနေပြီ။ လမ်းက ပွင့်သွားလိုက် ပြန်ပိတ်သွားလိုက် ဖြစ်နေတယ်။ တကယ်တော့ ကားတွေက စည်းကမ်းမရှိတော့ဘူး။ လွတ်တဲ့နေရာ ကျော်တက်ကြတော့ နောက်ဆုံး တစ်စီးနဲ့တစ်စီး ကျော်တက်လို့လည်းမရ နောက်ဆုတ်လို့လည်း မရနဲ့ ပြန်ပိတ်ကုန်တာ” ဟု မူဆယ်-မန္တလေး ကုန်တင် ယာဉ်မောင်းသူ ဦးချစ်စိုးက ဆိုသည်။
ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် မူ ဆယ်မှလားရှိုးသို့ ထွက်ခွာမည့် ခရီးသည် တင်ယာဉ်စီးခများမှာ ပုံမှန်ဈေးထက် မြင့်တက်သွားပြီး ကျပ် တစ်သောင်းမှ တစ်သောင်း ငါးထောင်ထိ ရှိလာသည်။
“ဒီနေ့ မူဆယ်ကနေ ထွက်မယ့် ကားလေးတွေတောင် မရှိဘူး။ လမ်းအခြေအနေက မကောင်းဘူး။ လမ်းကပိတ်လိုက်ပွင့်လိုက် ဖြစ်နေတယ်။ မူဆယ်-လားရှိုး ကားခတွေလည်း တက်ကုန်တယ်။ အရင် တစ်သောင်းကနေ ဒီနေ့ တစ်သောင်းခွဲထိ ဖြစ်လာတယ်။ သွားရင်လည်း ကားတွေပိတ်နေသေးတယ် ဆိုရင် လမ်းမှာညအိပ်ရမှာမို့ ခရီးသည်တင်တဲ့ကားလေးတွေ သိပ်မထွက်ကြဘူး” ဟု မူဆယ်-လားရှိုး ခရီးသည်တင် ယာဉ်ငယ် မောင်းနှင်သူ ကိုစိုင်းအွမ်ကဆိုသည်။
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် လမ်းပိတ်ဆို့မှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်နေပြီး လမ်းပိတ်ဆို့မှုများ၏ အဓိကအကြောင်းရင်းမှာ ယာဉ်မောင်းများ၏ ယာဉ်မဆင်မခြင် မောင်းနှင်မှုများ၊ လမ်းကြောကျဉ်းမှု၊ ၂၂ ဘီးတွဲကားများ လမ်းလယ်တွင် ယာဉ်ပျက်စီးမှုနှင့် ယာဉ်တိမ်းမှောက်မှု၊ မိမိလမ်းကြော မဟုတ်ဘဲ ဖြတ်သန်းမောင်းနှင် မှုများကြောင့် ဖြစ်နေကြောင်း သိရသည်။   

No comments: