မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, January 16, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့
=======================================
သတင်း-တင်မောင်လွင်(မြန်မာ့အလင်း) ၊ ဓာတ်ပုံ-မောင်မွှေး
မဝေးတော့သည့် အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးရောင်နီဦးသည် အလင်းသန်းလျက်ရှိနေပေပြီ။ နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားခဲ့ သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းအဖြေရှာရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် ကို ထူထောင်ရေးတို့အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူညီချက် စာချုပ်ကိုအခြေခံပြီး နိုင်ငံရေး ဆွေးနွေးမှုဖြစ်စဉ်ကို အစပြု အကောင်အထည်ဖော် ဆောင်ရွက် သည့် မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကို တည်ငြိမ်အေးချမ်း စွာနှင့် အတူ ပွင့်လင်းလွတ်လပ်စွာဖြင့် ကျင်းပလျက်ရှိသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေး ပွဲညီလာခံတွင် ညီလာခံ ပထမနေ့၊ ဒုတိယနေ့နှင့် တတိယနေ့များက အခန်း ခုနစ်ခန်းခွဲ၍ သီးခြားဆွေးနွေး ခဲ့ကြသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍငါးခု၏ အကြောင်းအရာများကို အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ လွှတ်တော်မှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစု အဖွဲ့မှ ကိုယ်စားလှယ်များက အခန်း ငါးခန်းခွဲကာ ဆက်လက်ဆွေးနွေး ခြင်း၊ အဆိုပြုချက်များတင်သွင်း ခြင်းများ ဆက်လက်ဆောင်ရွက် ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေး ပွဲညီလာခံ တက်ရောက်လာကြ သည့် ကိုယ်စားလှယ်များက ¤င်းတို့၏ သဘောဆန္ဒများ၊ အယူ အဆများနှင့် အကြံပြုချက်များ ကို ပွင့်လင်းမြင်သာစွာဖြင့် ဆွေးနွေး ခြင်း၊ တင်ပြခြင်းများ ပြုလုပ် ကြသည်။
အဆိုပါ ဆွေးနွေးတင်ပြချက် များနှင့်ပတ်သက်ပြီး ကေအင်န်ယူ အစည်းအရုံး ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ စောသမိန်ထွန်းက ''အပစ်အခတ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး နိုင်ငံရေးဆွေးနွေး ဖို့ ကိစ္စတွေက ကျွန်တော်တို့ ကေအင်န်ယူ ကရင်အမျိုးသားတွေ အတွက် အလားအလာ အများကြီး ကောင်းပါတယ်။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက် တုန်းက ကျွန်တော်တို့ သဘောတူ လက်ခံထားတာ အချက်သုံးချက် ရှိတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုတဲ့ အချက် သုံးချက်က ခွဲမထွက်ဘူးဆိုတာကို အာမခံတဲ့ ကတိပြုချက်ပဲ။
''ဒီကနေ့ ကျွန်တော်တို့ ၂ဝ၁၅ ကနေ ၂ဝ၁၆ ကို ကူးပြောင်းတဲ့ အချိန်ကာလမှာ မြန်မာပြည်ရဲ့ ရှေ့ ရေးအတွက်ဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် အလားအလာ တွေ အများကြီးကောင်းပါတယ်။ နောက်ပြီး တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်ဖို့အတွက် လည်း အလားအလာတွေ ကောင်းပါ တယ်။ အထူးသဖြင့် ကရင်ပြည်နယ် မှာ အရင်နဲ့ မတူတော့ဘူး။ ဂိတ်တွေမှာ စစ်မေးတာတွေ မရှိ တော့ဘူး။ ညအချိန်သွားလာလို့ လည်းရတယ်။ အဲဒါတွေက ကျွန်တော်တို့အတွက် ငြိမ်းချမ်းရေး ရဲ့ အခွင့်အလမ်းတွေပဲ။ စီးပွားရေး အနေနဲ့ကြည့်ရင်လည်း ကော့ကရိတ် နယ်ကဆိုရင် သူတို့ရဲ့ သီးနှံတွေကို မနက်အစောကြီး မြို့ကို သွားရောင်း နေကြပြီ။ အရင်ကဆို သွားလို့မရဘူး။ အခုကတော့ နေ့သွားသွား ညသွား သွား အစစ်အဆေးမရှိဘူးဆိုတော့ သူတို့အတွက်လည်း၊ ပြည်သူ့အတွက် လည်း ပိုပြီးအကျိုးရှိပါတယ်'' ဟု ¤င်း၏ အမြင်ကို ပြောသည်။
ယနေ့ဆွေးနွေးသည့် ကဏ္ဍငါးခုအနက် လုံခြုံရေးကဏ္ဍတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးဆိုင်ရာ အခြေခံသင့်သည့် မူများဆိုသည့် ခေါင်းစဉ်အောက်မှ ဆွေးနွေးခဲ့ကြသည့် ကိုယ်စားလှယ် များအနက် အစိုးရအစုအဖွဲ့ ကိုယ်စားလှယ်မှ ဦးခင်ရီက ''ဒီနေ့ ကျွန်တော်တို့ နိုင်ငံတော်ကာကွယ် ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေခံသင့် သောမူများဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးတာပါ။ အဲဒီခေါင်းစဉ်ကို ဆွေးနွေးနိုင်ဖို့အတွက် ပထမအကြိမ် ပြည်တွင်းငြိမ်းချမ်းရေး ညီလာခံမှာ လွန်ခဲ့တဲ့ နှစ်ရက်က တင်ပြဖို့ပဲ။ ကျွန်တော်က အစိုးရအစုအဖွဲ့မှ ကိုယ်စားလှယ်ဖြစ်တော့ အဲဒီအဖွဲ့ထဲ မှာချပြီး ဆွေးနွေးတယ်။ စာတမ်းတွေ ပြုစုတယ်။ အဲဒါတွေလုပ်ပြီးတော့ ကျန်တဲ့အစုအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒီမှာ ဒုတိယနေ့အဖြစ် လာဆွေးနွေး တာပါ။ တက်ရောက်လာတဲ့ ခုနစ်ဖွဲ့ စလုံးက ဆွေးနွေးသွားကြတာ တွေ့ရ ပါတယ်။
''မနေ့က တစ်နေကုန် ကိုယ့်အဖွဲ့ ရဲ့ ဆွေးနွေးချက်တွေကို စုစည်းပြီး တင်ပြတယ်။ ဒီနေ့ အဲဒီဆွေးနွေး ချက်တွေအပေါ် သုံးသပ်ချက်၊ ဖြည့်စွက်ချက်လုပ်တဲ့သဘော ဖြစ်ပါ တယ်။ နောင်အနာဂတ်မှာ နိုင်ငံ တော်ရဲ့ ပြောင်းလဲလာမယ့်အခြေ အနေအရ နိုင်ငံတော်ကာကွယ်ရေး နဲ့ လုံခြုံရေးအစီအမံတွေကို ဘယ်လို ချသင့်လဲဆိုတာတွေကို ဒီမှာ သဘော ထားမှတ်ချက်ပေးတဲ့ သဘောပါ။ အဓိကကတော့ နောင်အနာဂတ် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လို ကာကွယ်ရေးစနစ်တွေကို လုပ်သင့် တယ်။ ဘယ်လိုလုံခြုံရေးစနစ်တွေ လုပ်သင့်တယ်ဆိုတာကို အဖွဲ့ခုနစ် ဖွဲ့လုံးက အခြေခံသင့်တဲ့ အမြင်တွေ ဆွေးနွေးကြတာပါ။ ပြောရရင် တိုင်းရင်းသားလူမျိုးစုတွေ အားလုံး ပါဝင်တဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့သင့်တယ်။ တစ်ခုတည်းသော တပ်မတော်ဖြစ်သင့်တယ်။ ဒီလို တူတာ၊ တူတာတွေ ဆွေးနွေးတာတွေ ရှိသလို တူတဲ့အထဲမှာမှ ထပ်ပြီးတော့ ကွဲပြားနေတာတွေ ရှိတယ်။ ဘယ်လို ဖွဲ့စည်းမလဲ၊ ဖွဲ့စည်းပုံမှာ မတူကြဘူး။ ဘယ်လိုတပ်အင်အားတွေ ဖြည့်တင်း မလဲ။ ဘယ်လိုကွပ်ကဲမလဲ စသဖြင့် ဒါတွေက မတူကြဘူး။ မတူခြား နားတဲ့အမြင်တွေလည်း တွေ့တယ်။ တချို့ဆွေးနွေးတာတွေက နိုင်ငံတော် လုံခြုံရေးစနစ်(National Security Policy)ကို ပြည့်ပြည့်စုံစုံချရမယ်။ အဲဒီအောက်မှာ ကာကွယ်ရေးဆိုင်ရာ ပြောင်းလဲမှု၊ တရားဥပဒေစိုးမိုးရေး၊ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှု၊ လဝက ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဒါတွေကို အကုန်လုံး Standard ဖြစ်သွား အောင် လုပ်သင့်တယ်ဆိုတာတွေ ဆွေးနွေးကြပါတယ်။
''အဲဒါတွေကို ဇန်နဝါရီ ၁၆ ရက်နေ့ စုံညီအစည်းအဝေးမှာ ပေါင်းပြီးဆွေးနွေးကြမှာ ဖြစ်ပါ တယ်။ အဲဒီကျတော့မှ အဖြေတစ်ခု ပေါ်လာမယ်။ နိုင်ငံတော်လုံခြုံရေး မှာ ခြုံငုံပြောတာပါသလို အနောက် ဘက် မျက်နှာစာလုံခြုံရေး၊ အရှေ့ ဘက်မျက်နှာစာလုံခြုံရေး အဲလို သီးခြားဆွေးနွေးတာတွေလည်း ရှိပါ တယ်။ ဒါကိုလည်း တပ်မတော်အစု အဖွဲ့ကနေ လက်ရှိဆောင်ရွက်လျက် ရှိတဲ့ အကြောင်းအရာကို ထပ်ပြီး ရှင်းပြတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်တစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးစနစ်ကို ဆွေးနွေးတဲ့အခါမှာ ဒါပထမအချက် က မပြီးသေးဘူး။ ဖြည့်စွက်ဆွေးနွေး ရမယ်။ ဆက်လက်ဆွေးနွေးရဦးမယ်။ တပ်မတော်ကတော့ လက်ရှိမှာ နတ်မြစ်ဝကနေ ဒီဘက်အဆုံးထိ လုံခြုံရေးတွေ လုပ်ထားပါတယ်။ တပ်မတော်ရဲ့ တပ်ဖြန့်မှုတွေ၊ ရဲတပ်ဖွဲ့ရဲ့ တပ်ဖြန့်မှုတွေ၊ တပ်မတော်(ရေ)ရဲ့ တပ်ဖြန့်မှုတွေ၊ ပိတ်ဆို့ဆွေးနွေးရေး အတွက် ဆောင်ရွက်နေတာတွေ ပြောတယ်။ ကျွန်တော်က လဝကမှာ လုပ်ခဲ့တာဆို တော့ လဝကကနေ အထဲရောက်နေ တဲ့လူတွေကို ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ စစ်ထုတ်တာတွေ ၊ ထပ်ပြီး မဝင်နိုင်အောင် ကာကွယ်တာတွေ ဒါတွေကလည်း လက်ရှိလုပ်ဆဲပါ။ ဒါတွေနဲ့ ပြည့်စုံလားဆိုရင် မပြည့်စုံ သေးပါဘူး။ ဆက်လုပ်မယ့်ဟာတွေကို လာအကြံပြုနေကြတာပါ။
''တစ်စနှင့်တစ်စ ဝင်ရောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် တို့ နယ်နိမိတ်ကို ကာတဲ့အခါမှာ အတော်စကားပြောပါတယ်။ နယ် နိမိတ်ကလည်း ရှည်တယ်။ လူချင်းလက်ချိတ်ထားမယ်ဆိုရင်တောင်မှ မလွယ်ဘူးပေါ့။ ခိုးဝင်ချင်နေတဲ့ သူကတော့ အပေါက်ရှာဝင်ရင် ဖြစ်နေမှာပေါ့။ ဒီနေ့အကြံအစည်ရှိ လို့ ဆုံးဖြတ်လိုက်ရင် နောက်နေ့ ဆုံးဖြတ်ချက်ချတာမျိုးတော့ မဟုတ် ဘူး။ ရေရှည်မှာတော့ ကျွန်တော်တို့ နိုင်ငံလုံခြုံရေးအတွက် ပြီးပြည့်စုံတဲ့ စနစ်တစ်ခုရမယ်လို့ ကျွန်တော်မြင် ပါတယ်''ဟု ဆွေးနွေးချက်များအပေါ် ၄င်း၏ အမြင်များကို ပြောသည်။
ဆက်လက်ပြီး လုံခြုံရေးကဏ္ဍနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာ ညွန့်က ''နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေခံသင့်တဲ့ မူများကို အစုအဖွဲ့အလိုက် ကြီးကြီးမားမား ဆွေးနွေးချက်တွေ အင်မတန်မှ အနှစ်သာရပြည့်ဝပြီး ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားကြတဲ့ အတွက် အလွန်ပဲဝမ်းသာအားရ ကျေနပ်မိပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အနည်းငယ် ဖြည့်စွက် ဆွေးနွေးခဲ့ပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေရဲ့ အရေးပေါ် လုံခြုံရေးအခြေအနေတွေ အတွက် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး အခြေခံသင့်တဲ့မူမှာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာ Power Sharing မှာ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ တိတိကျကျ ဖြည့်စွက်ထည့်သွင်း ရေးဆွဲဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်'' ဟု ပြောသည်။
နိုင်ငံရေးပါတီအစုအဖွဲ့မှ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုးက ''ဒီညီလာခံကနေ ငြိမ်းချမ်းရေးတွေပဲ ရလာစေချင် တယ်။ ထာဝရငြိမ်းချမ်းရေးလည်း ဖြစ်စေချင်တယ်။ အခုလို ရက်တိုတိုနဲ့ ဆွေးနွေးရတဲ့ အနေအထားမှာ အဖွဲ့ကွဲနေတာလေးတွေ ရှိတယ်။ ဒါပေမယ့် အားလုံးကတော့ ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့အမြင်က တော့ အတ္တလေးတွေ နည်းနည်းရှိ နေကြတာ တွေ့ရပါတယ်။ ဒီအချက် လေးကို ဈေးဝယ်သလို အလျှော့ အတင်းလုပ်နိုင်ရင် ငြိမ်းချမ်းရေးက တော့ ရမှာပဲ။ ဒီလိုအလျှော့အတင်း ကို အားလုံးက သဘောထားကြီးကြီး နဲ့ ပေးဖို့တော့ လိုမယ်ထင်ပါတယ်'' ဟု နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံ တော်လုံခြုံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များအပေါ် ၄င်း၏ အမြင်ကို ပြောသည်။
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်း ရေးမှတ်တိုင်သစ်အဖြစ် စိုက်ထူမည့် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကို နေပြည်တော် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့ဆိုလျှင် စတုတ္ထနေ့အထိ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
နောက်ဆုံး ပဉ္စမနေ့ကို ဇန်နဝါရီ ၁၆ ရက် (ယနေ့)တွင် ကျင်းပမည် ဖြစ်ပြီး သက်ဆိုင်ရာအစုအဖွဲ့များ အတွင်း ဆွေးနွေးခြင်း၊ ညီလာခံ ကျင်းပခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ အဆိုပြုချက်များတင်သွင်း ခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment