Saturday, January 16, 2016

အင်အားပြင်းငလျင်များ တကျော့ပြန်လှုပ်ခတ်နိုင်ခြင်းကြောင့် သတိထားရမည့် အခြေအနေတွင်ရှိကြောင်း မြေငလျင်ကော်မတီအတွင်းရေးမှူး ပြောကြား

အင်အားပြင်းငလျင်များ တကျော့ပြန်လှုပ်ခတ်နိုင်ခြင်းကြောင့် သတိထားရမည့် အခြေအနေတွင်ရှိကြောင်း မြေငလျင်ကော်မတီအတွင်းရေးမှူး ပြောကြား ------ ------ ------ ------ ------ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှုများအနက် အထင်ကရတခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့ ကြောသည် အင်အားကြီးငလျင်များ တကျော့ပြန်လှုပ်ခတ်လာနိုင်သည့် အချိန်နီးကပ်လာလျက်ရှိခြင်းကြောင့် သတိထားရမည့် အခြေအနေတွင်ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးသူရအောင် က News Watch ဂျာနယ်သို့ပြောသည်။ ဇန်န၀ါရီလ ၁၂ ရက် ည ၉ နာရီခွဲခန့်က ရစ်ခ်ျတာစကေး ပမာဏ ၄ ဒသမ ၈ အဆင့်ရှိ ငလျင်တခုသည် ရန်ကုန်မြို့၏ တောင်ဘက်ကမ်းခြေတ၀ိုက်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ ကြောင်း သိရသည်။ ထိုသို့ လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းအားပမာဏ ၃ ဒသမ ၈၊ ၃ ဒသမ ၆ နှင့် ဇန်န၀ါရီလ ၁၃ ရက် နံနက် ၁ နာရီ ၄၁ မိနစ်ခန့်တွင် ပြင်းအားပမာဏ ၂ ဒသမ ၈ ပမာဏ အဆင့်ရှိ နောက်ဆက်တွဲငလျင် ငယ်များပါလှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယခုလှုပ်ခတ်မှုသည် မြန်မာနိုင်ငံ၏ တောင်ဘက်ရှိ ပင်လယ်ပြင်အတွင်း ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်း ပြတ်ရွေ့ကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။ ''ပမာဏ အငယ်လေးတွေ လှုပ်တာကတော့ ပညာပိုင်းဆိုင်ရာ သဘောမှာတော့ ငလျင်ကြီးတွေမဖြစ်ဖို့ ရပ်တန့် သွားဖို့ မရှိဘူးပေါ့။ အသေးလေးတွေ အများကြီးလှုပ်လာတယ်။ ဥပမာ ပြင်းအား ပမာဏလေးဝန်းကျင်နဲ့ လေးအကျော် အဆင့်တွေ လှုပ်လာခဲ့ရင်တော့ ငလျင်ကြီး လှုပ်လာနိုင်တယ်ဆိုတဲ့ သဘောကို ပေါ်လွင်နေပါ တယ်။ ဒါတွေက ဘယ်သူမှ ပုံမှန်တွက်ချက်လို့ မရဘူး။ သတိထားသင့်ပါတယ်''ဟု ဦးသူရအောင်က ပြောသည်။ မြန်မာနိုင်ငံတွင် ၁၉၃၀ ခုနှစ်ခန့်က ရစ်ခ်ျတာစကေး ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တခု ပဲခူးမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းကြောင့် ပျက်စီးမှုများစွာရှိခဲ့သည်။ ထိုနောက် ရစ်ခ်ျတာစကေး ၇ အဆင့်ရှိ ငလျင်များ ထပ်မံ လှုပ်ခတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။ သုတေသနပြုလုပ်ချက်များအရ စစ်ကိုင်းပြတ်ရွေ့၏ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်စေသော အင်အားပြင်း ငလျင်တခုသည် နှစ်တရာဝန်းကျင်ခန့်၌ ပြန်လည်ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သတိပြုရန် လိုအပ်ကြောင်းလည်း အကြံပြုပြောဆိုထားသည်။ ''ပြတ်ရွေ့ကတော့ ငလျင်ကြီးတွေကို နှစ်တရာအတွင်းမှာ မဖြစ်ပေါ်သေးတာရယ်၊ တဖန်ဖြစ်လာနိုင်တဲ့အချိန် ကတော့ သုတေသနအချက်တွေနဲ့ နီးကပ်လာပါပြီ။ ငလျင်ဆိုတာကတော့ ကြိုလည်း မသိနိုင်ဘူး။ တားဆီးလို့ ရှောင်လွှဲလို့ မရပါဘူး''ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်းပင်လယ်ပြင်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းကြောင်း ဆူနာမီဖြစ်ပေါ်နိုင်မှုကို ပြည်သူများအကြား စိုးရိမ်မှုများရှိခဲ့ကြောင်း သိရသည်။ ''လှုပ်တဲ့ပမာဏနည်းတယ်ဆိုရင်တော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ပြင်းအား ပမာဏ ၇ အဆင့်ဝန်းကျင်နဲ့ ပင်လယ်ပြင် ကို ဗဟိုချက်ထားပြီး လှုပ်ခဲ့ရင် ကမ်းခြေနဲ့ နီးခဲ့ရင်စတဲ့ အခြေအနေတွေကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်နိုင်တယ်'' ဟု ဦးသူရအောင်က ပြောသည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဘက်ပိုင်းကို ပိုင်းခြားထားပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသမှ ပဲခူးမြို့နှင့် ရန်ကုန်မြို့၏ အရှေ့ဘက်ခြမ်း ခရမ်း၊ သုံးခွမှတဆင့် ကပ္ပလီပင်လယ်အော် အတွင်းသို့ ၀င်ရောက်သွားကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အရှေ့အနောက်ပိုင်းခြားထားသည့် သဏ္ဌာန်ရှိ သည့် အဆိုပါ မြေလွှာနှစ်ချပ်သည် တောင်/မြောက် ဆန့်ကျင်ဘက် ရွေ့လျားကာ ငလျင်လှုပ်ခတ်မှုကို ဖြစ်ပေါ် ခြင်းဖြစ်ကြောင်း သိရသည်။ ''စစ်ကိုင်းပြတ်ရွေ့က ရန်ကုန်နဲ့ လှမ်းတယ်ဆိုပေမယ့် အကွာအဝေး၊ ပြတ်ရွေ့ရဲ့သဘော၊ မြေထုအခြေအနေ တွေအရ ပင်လယ်မဟုတ်ဘဲ မြေထုပိုင်းမှာ လှုပ်ခတ်လာရင်တော့ ရန်ကုန်မြို့မှာ တော်တော်လေး ထိခိုက်နိုင်ပါ တယ်။ အဓိကတော့ အဆောက်အအုံပါပဲ။ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေရှိဖို့နဲ့ စနစ်တကျ စစ်ဆေးဖို့ တွေ လိုအပ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံကဲ့သို့ ငလျင်ဘေးအန္တရာယ်ကျရောက်သည့် နိုင်ငံမဟုတ်သော်လည်း အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ငလျင်အန္တရာယ်ကျရောက်နိုင်မှု အန္တရာယ်ပိုရှိပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စေ နိုင်သည့် အခြေအနေမျိုးတွင်ရှိကြောင်း သုံးသပ်ကြသည်။ ''စစ်ကိုင်းပြတ်ရွေ့တလျောက်မှာ ပြင်းအားပမာဏများများ လှုပ်ခဲ့ရင်တော့ ထိခိုက်နိုင်တာပဲလေ။ ပြတ်ရွေ့ရဲ့ ထိပ်ပိုင်းဒေသ သပိတ်ကျင်းလိုမျိုးလှုပ်ခဲ့ပြီး ပျက်စီးမှုတွေရှိခဲ့တာပဲ။ ခုနပြောသလို လှုပ်ခတ်မှု ပြင်းအားများရင် ထိခိုက်မှာပဲ။ အဲဒီတော့ သတိကတော့ အမြဲရှိဖို့လိုပါတယ်။ သဘာဝဘေးအန္တရာယ်အနေနဲ့ကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း ပဲခူး ဖြူးလိုဒေသရယ်၊ တောင်ဘက်ပိုင်းတွေမှာ လှုပ်ဖို့တော့ အလား အလာရှိပါတယ်''ဟု ဦးသူရအောင်က ပြောသည်။ မင်းဗညား

No comments: