Friday, January 15, 2016

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူ့အခွင့်ရေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူ့အခွင့်ရေး =================== အခုဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကျင့်သုံးတာ ၅ နှစ်တိတိရှိပါပြီ …ဒီမိုကရေစီစနစ်အရ လူတိုင်း လူတိုင်းမှာ ဥပဒေနဲ့အညီပြဌာန်းထားတဲ့ လူ့အခွင့်အရေး တနည်းအားဖြင့် နိုင်ငံသားအခွင့်အရေးရှိရမယ် …အခြားကိစ္စတွေခနထား လူ့အခွင့်အရေးဆိုတဲ့ အချက်ကိုကျနော်စဉ်းစားမိတယ်! လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေး ရရှိခံစားရတဲ့အထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ မပါဘူးလား ? …ဥပဒေပြဌာန်းပြီးများ…ကန့်သတ်ထားသလား ? ဥပဒေတော့ သီခြားပြဌာန်းထားတာ မရှိပါဘူး ကျနော်လဲမတွေ့မိပါဘူး … ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက ဘာကြောင့် လူ့အခွင့်အရေး မခံစားရတာလဲ? ဆိုတော့…အကြောက်တရား လွှမ်းမိုးခံနေရဆဲ ဆိုတဲ့အချက်ကို ကျနော်တွေ့တယ် အကြောက်တရားတွေရှိနေဆဲပါပဲ …ဒီဖက်ခေတ်မှာ ရဲတပ်ဖွဲ့ဝင်တွေ တရားဝင်နှုတ်ထွက်ခွင့် တင်လာကြတာ တော်တော်များလာတယ် အရင်ခေတ်ကဆိုရင် နှုတ်ထွက်ခွင့်တင်ဖို့မပြောနဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ရပိုင်ခွင့် ဖြစ်တဲ့ တစ်နှစ်မှာ ခံစားခွင့် (၁) လဆိုတဲ့ဟာကိုတောင် မခံစားခဲ့ရဘူး…ကျနော်တို့ရဲထဲဝင်ခွင့်လျှောက်တဲ့အချိန်မှာ အနဲဆုံး (၅)နှစ်တာဝန်ထမ်းဆောင်ပါ့မယ်လို့ စာချုပ်မှာ လက်မှတ်ထိုးပြီးမှ ဝင်ခွင့်ရခဲ့ပါတယ် (၅)နှစ်ပြည့်ပြီးရင် လုပ်ချင်လဲဆက်လုပ် မလုပ်ချင်လဲ နှုတ်ထွက်ခွင့်တင်ပေါ့ …ဒါပေမယ့် ကျနော်တို့ အဲဒိစာချုပ်ပါစည်းကမ်းအတိုင်း ခံစားခွင့်မရခဲ့ဘူး အခု ၂၀၁၀ နောက်ပိုင်းမှာ လုပ်သက် (၅)နှစ်ပြည့်တဲ့သူ မလုပ်ချင်ရင် နှုတ်ထွက်ခွင့်တင်ပါလို့ အကြီးအကဲတစ်ယောက်က နှုတ်နဲ့ပြောသွားတယ် အဲဒိသတင်းကြားကြားချင်း ကျနော်အပါအဝင်နှုတ်ထွက်ခွင့်တင်တဲ့သူ ရကရမှာ အယောက် (၁၀၀)နီးပါးဖြစ်သွားတယ် …အဲဒါနဲ့ ညွှန်ကြားချက်စာတစ်စောင် ထွက်လာပြန်ရော နှုတ်ထွက်ခွင့်တွေကို အလွယ်တကူလက်မှတ်မထိုးပါနဲ့ စိစစ်ပါ လို့ ဆိုပြန်တယ်…။ နှုတ်ထွက်ခွင့်တင်တာကို စိစစ်ပါဆိုတော့ ဘာကိုစိစစ်ရမှာလဲ မလုပ်ချင်လို့ သတ်မှတ်ထားတဲ့ လုပ်သက်(၅)နှစ်ပြည့်လို့ နှုတ်ထွက်ခွင့်တောင်းတာ ဘာကိုစိစစ်ဖို့လိုသလဲ ? ပြန်တွေးကြည့်တော့ အဲဒိညွှန်ကြားချက်က သက်ဆိုင်ရာ တိုင်းတပ်ဖွဲ့မှူး / ခရရမှူး /ရဲတပ်ရင်းမှူး / မနရမှူးတွေကို ခြိမ်းခြောက်လိုက်တာလို့ထင်ပါတယ် ပြောချင်တာက " နှုတ်ထွက်ခွင့်တွေအရမ်းများနေပြီ အလံတိုင်နဲ့ ရဲစခန်းပဲကျန်ခဲ့လိမ့်မယ် မင်းတို့လက်မှတ်ထိုးပေးနေတာလေး လျှော့ကြဦးဟ" လို့သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ ။ ဘာကြောင့်လဲဆိုတော့ နှုတ်ထွက်ခွင့်တင်တာများလို့ ခရရမှူး တစ်ယောက် ဖြေရှင်းချက်အတောင်းခံရတယ် ဆိုတဲ့သတင်းကိုလဲကြားမိလိုက်သေးတယ် ။ ဒီတော့ ဒါဟာ ဥပဒေနဲ့အညီရတဲ့ အခွင့်အရေးကို အကြောက်တရားနဲ့ ဖုံးကွယ်ပြစ်လိုက်ခြင်းပါပဲ ။ ရဲတပ်ဖွဲ့မှာ ယနေ့ချိန်ထိ အကြောက်တရားနဲ့ လူ့အခွင့်အရေးကို ကန့်သတ်ခံနေရတယ် … ဆိုတာ ထင်ရှားနေပါတယ် ကိုယ်တိုင်က လူ့အခွင့်အရေး မရ မခံစားရတဲ့လူတစ်ယောက်က အခြားလူတစ်ယောက်ရဲ့ အခွင့်အရေးကို နားလည် လက်ခံပေးနိုင်ပါ့မလား…? အဲဒိနေရာမှာ ကိုယ်ချင်းစာတရားဆိုတဲ့ လောကရဲ့အလှပဆုံးသော ခံစားချက်တွေလဲ ပျောက်ဆုံးသွားရတယ် … ငါ့ကိုတော့ ဘယ်သူမှ မစာနာဘူး နားလည်မပေးဘူး ငါကရော ဘယ်သူ့ကို စာနာပေးရမှာလဲ နားလည်ပေးရမှာလဲ ဆိုတဲ့အတွေး တွေဖြစ်လာတယ် …အဲဒိအခါကျတော့ ရဲတပ်ဖွဲ့နဲ့ ပြည်သူကြားမှာ နားလည်မှု အမြင်ကြည်လင်မှု ချစ်ခင်ရင်းနှီးမှု ပျောက်ဆုံးနေရတယ် …အပြန်အလှန်နားလည်မှု စာနာမှုမှ မရှိရင် အဲဒိလူ့တန်းစား နှစ်ရပ် တစ်သက်လုံး ဘယ်တော့မှ ပြေပြစ်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မှာ မဟုတ်ဘူး သေချာတယ် … ဒီတော့ ရဲတပ်ဖွဲ့ကို ပြည်သူတွေ အမြင်ကြည်အောင် မြောင်းတွေဖော် အမှိုက်တွေကောက် မြက်တွေခုတ်နေလဲ အလကားပဲ စည်ပင်အလုပ်ကို ဝင်ရှုပ်နေတယ်လို့ အထင်မခံရကံကောင်း …။ ကျနော်ပြောချင်တာက ရဲနဲ့ပြည်သူကြား ဆက်ဆံရေးပြေလည်စေချင်သလား ? ရဲတပ်ဖွဲ့အပေါ် ပြည်သူတွေဖက်က အမြင်ကြည်စေချင်သလား ? ပထမဆုံး ရဲတပ်ဖွဲ့ကို နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးဆိုတာ ဘာလဲလို့ ခံစားနားလည်တတ်အောင် ရဲတပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးအပြည့်အဝပေးပါ …ဟိုစီမံချက် ဒီစံမံချက်တွေ လျှောက်ဆွဲမနေနဲ့ စာရွက်ကုန်တယ် မိတ္တူဆိုင် အကြွေးတင်တာပဲအဖတ်တင်တယ် …ဘာမှဖြစ်မလာဘူး…ကိုယ်တိုင်က သကြားလုံးကိုစားဖူးမှ အခြားသူတွေကိုလဲ သကြားလုံးစားရတဲ့ အရသာပြန်ပြောပြတတ်မှာပါ … ဒီသဘောပါပဲ… ဟိုတလောက ရဲတပ်ရင်းတစ်ခုက တပ်ဖွဲ့ဝင်တစ်ယောက် စိတ်ဓာတ်ကျနေတာတွေ့ရလို့ အားပေးစကားလေးပြောမိတယ် ဘာကြောင့် စိတ်ညစ်နေတာလဲလို့မေးမိတော့ သူလုပ်သက် (၁၅) နှစ်နီးပါးရှိနေပြီ အခုချိန်ထိ ဘာအပြစ်မှမရှိပဲ ဘွဲ့ရရဲဘော်အဆင့်က မတက်ဘူးတဲ့ အဲဒါကြောင့် ဘဝအတွက် အချိန်ကုန်တယ်ဆိုပြီး နှုတ်ထွက်ခွင့်တင်လိုက်တယ် စီနီယာ (၈) တဲ့ နောက် (၂) နှစ်ထပ်လုပ်ရဦးမယ်ဗျာတဲ့ ကျနော် အရမ်းအံ့သြမိတယ် နှစ်ပေါင်း (၁၅) နှစ်လောက် ပေးဆပ်ပြီး လုပ်ခဲ့ပြီးပြီ ရာထူးမတက်လို့ တရားဝင်နှုတ်ထွက်ခွင့်တင်တာ ဘာကြောင့် နောက်ထပ် (၂) နှစ်ဆက်လုပ်ရမှာလဲ ဆိုတော့ "ကျနော်တို့ တပ်ရင်းမှာ တစ်နှစ်ကို ၄ ယောက်နှုံးပဲ နှုတ်ထွက်ခွင့်ပေးတယ် ကျနော်က စီနီယာ ၈ ဆိုတော့ နောက်ထပ် ၂ နှစ်လုပ်ရဦးမှာတဲ့ " "အဲဒိလို တစ်နှစ် ၄ ယောက်နှုံးပဲ နှုတ်ထွက်ခွင့်ပြုတယ်ဆိုတာ ဘယ်နိုင်ငံက ဥပဒေနဲ့ သတ်မှတ်တာလဲ မိမိပညာအရည်အချင်းနဲ့ လက်ရှိဘဝအခြေအနေ မကိုက်ညီလို့ အခြားအလုပ်ကို ရွေးချယ်ချင်တာ အပြစ်လား ? ရွေးချယ်ပိုင်ခွင့်မရှိဘူးလား ? ကောင်းပြီ… မြန်မာတစ်နိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ဝင် (၈) သောင်းကျော်ပဲရှိတယ် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအတွက် မလုံလောက်ဘူး ဒါကြောင့် နှုတ်ထွက်ခွင့်တွေကို ချုပ်ချယ်ကန့်သတ်လိုက်တာ ဆိုရင် ကျနော်လက်ခံတယ် ဒါပေမယ့် … ရဲတပ်ဖွဲ့ဝင်အင်အား လုံလောက်မျှတအောင် ဘယ်လိုလုပ်သင့်သလဲ ? ဆိုတာ အကြီးအကဲတွေအနေနဲ့ တွေးမကြည့်တော့ဘူးလား ? မတွေးတတ်တော့ဘူးလား ? ကျနော် ပြောချင်ပါတယ် …အကြံပေးချင်ပါတယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရဲတပ်ဖွဲ့ဝင် အင်အားလုံလောက်မျှတစေချင်ရင်… (၁) ရဲတပ်ဖွဲ့ဝင်တွေကို လုပ်ငန်းခွင်ပျော်ရွှင်အောင်ထားပါ ။ (၂) ခေတ်ပညာတတ်လူငယ်တွေ အားကျလောက်အောင် ရဲတပ်ဖွဲ့ဝင်တွေကို တောက်ပြောင်အောင်ထားပါ ။ (၃) ရဲတပ်ဖွဲ့ဆိုတာ ဥပဒေနဲ့အညီ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်အပြည့်အဝရရှိထားတယ် ဆိုတာကို အများမြင်အောင် ပြသပေးပါ ။ ဒါဆိုရင်… တစ်စခန်း တစ်လ တစ်ယောက် ရဲတပ်သားသစ်စုဆောင်းပေးရမယ် ဆိုတဲ့ ညွှန်ကြားချက်တောင် ထုတ်စရာမလိုဘူး ရဲတပ်သားသစ် လျှောက်လွှာ ထုတ်မလောက်ဖြစ်သွားလိမ့်မယ် ။ မယုံရင်စမ်းသပ်ကြည့်ပါ ။ မှတ်ထားပါ - အလုပ်သမားတွေက သူတို့လုပ်ငန်းခွင်ထဲမှာ မပျော်တော့ဘူး ဆိုရင်အဲဒိလုပ်ငန်း ပျက်ဆီးနေပြီဆိုတာ ပြသခြင်းပါပဲ ။ လုပ်ငန်းခွင်တစ်ခုမှာ အရေးပါဆုံးဖြစ်တဲ့ လူ့စွမ်းအား အရင်းအမြစ်ကို မထိန်းသိမ်းနိုင်သေးသရွေ့တော့ ဘယ်တော့မှ အောင်မြင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာမှာမဟုတ်ပါဘူး …။ ကျေးဇူးတင်ပါတယ် မြတ်သူဟိန်း 15-1-2016 / 02:15

No comments: