Friday, January 1, 2016

နိုင်ငံပိုင်မီဒီယာလုပ်ငန်းမရှိသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဆို

နိုင်ငံပိုင်မီဒီယာလုပ်ငန်းမရှိသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဆို

နေပြည်တော်၊ ဒီဇင်ဘာ ၃၁

ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံပိုင်သတင်းမီဒီယာ လုပ်ငန်းမရှိသည့်အတွက် မြန်မာနိုင်ငံတွင်လည်း နိုင်ငံပိုင်မီဒီယာလုပ်ငန်းများ မရှိသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် RFA သတင်းဌာနတို့ မေးမြန်းခန်းတွင် ဒီမိုကရေစီနိုင်ငံများတွင်နိုင်ငံပိုင်သတင်းစာမရှိဘဲ မြန်မာနိုင်ငံ၏နိုင်ငံပိုင်သတင်းမီဒီယာလုပ်ငန်းအား ပြုပြင်ပြောင်းလဲ ရန် နောက်ပိုင်းတွင်စဉ်းစားသွားမည်ဟု ဖြေကြားမှုအား လွှတ်တော်ကိုယ်စားလှယ်များကယင်းသို့ထပ်မံပြောကြားခြင်း ဖြစ်သည်။

“အကောင်းဆုံးကတော့ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံပိုင် သတင်းမီဒီယာရှိဖို့မသင့်ဘူး၊ သတင်းစာတွေ၊ ဂျာနယ်တွေ တင်မဟုတ်ဘူး၊ အသံလွှင့်မီဒီယာ၊ ရုပ်သံမီဒီယာတွေ အားလုံးကလည်း နိုင်ငံပိုင်မရှိသင့်ဘူးလို့ ထင်ပါတယ်” ဟု
ကန်ပက်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။

ဒီမိုကရေစီနိုင်ငံများတွင် ပုဂ္ဂလိကပိုင်၊ အဖွဲ့အစည်းပိုင်သတင်းမီဒီယာလုပ်ငန်းများသာရှိပြီး နိုင်ငံပိုင်သတင်းစာရှိပါကလည်းလွတ်လပ်စွာရပ်တည်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

“လောလောဆယ်တော့ မလုပ်နိုင်သေးဘူး၊ ဒီမိုကရေစီနိုင်ငံတွေမှာတော့နိုင်ငံပိုင်သတင်းစာမရှိဘူး ပြောသွားတယ်၊ ဒါပေမဲ့ ပြုပြင်ပြောင်းလဲဖို့တော့ နောက်စဉ်းစားမယ်လို့ ပြောသွားတယ်၊ သတင်းစာဆိုတာကတော့ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ဘက်လိုက်မှုကင်းကင်းနဲ့မျှမျှတတပဲ ဖြစ်ရမယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် (NLD
ပါတီ ပြောရေးဆိုခွင့်ရှိသူ)ကပြောသည်။

ပြည်သူပိုင်သတင်းစာဖြစ်ရန် ပြည်သူလူထုက လွတ်လပ်စွာထုတ်ဝေသည့်သတင်းစာဖြစ်သင့်ပြီး နိုင်ငံပိုင်သတင်းစာကဏ္ဍ လျှော့ချရာမှအလုံးစုံဖျက်သိမ်းသွားရန်လိုကြောင်းလည်း အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။

“ဒီလိုသတင်းစာတွေဟာ ဝါဒဖြန့်ချိရေး၊ တစ်ပါတီစနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေသာကျင့်သုံးတာများတယ်၊ အစိုးရဘက်က သူတို့ပြောချင်တာ၊ အဲ့လိုမျိုးပြောချင်တာ ဖြစ်နိုင်တယ်” ဟု သီပေါမဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။

No comments: