Friday, January 1, 2016

မန္တလေး-ပြင်ဦးလွင် အတက်အဆင်းလမ်းသစ် ဖောက်လုပ်မည်

မန္တလေး-ပြင်ဦးလွင် အတက်အဆင်းလမ်းသစ်  ဖောက်လုပ်မည်

မန္တလေး၊ ဒီဇင်ဘာ - ၃၁

အာဆီယံအဝေးပြေးလမ်းမကြီးထဲတွင် ပါဝင်သည့်အပြင် မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေးအဓိကလမ်းကြောင်းဖြစ်သည့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း အတွက် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေမှ ပြင်ဦးလွင်မြို့နယ် အနီးစခန်းထိ အတက်အဆင်းလမ်းသစ်ဖောက်လုပ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

အဆိုပါလမ်းပိုင်းတည်ဆောက်မှုကို AXIOM Mandalay High Way Construction က ပြီးခဲ့သည့် ဇွန်လပိုင်းက စတင်အကောင်အထည်ဖော်နေပြီး  BOT စနစ်ဖြင့် ကုမ္ပဏီကအကုန်အကျခံ တည်ဆောက်နေကြောင်း ၎င်းကဆိုသည်။

မန္တလေး- ပြင်ဦးလွင် အတက်အဆင်း ပုံမှန်လမ်းကြောင်းသည် ရန်ကင်းတောင်ခြေမှအနီးစခန်းအထိ ၃၈ မိုင်ကျော် ကွာဝေးပြီး လက်ရှိအသစ်တည်ဆောက်မည့်လမ်းသစ်မှာ ၃၁မိုင်ကျော်သာကွာဝေးတော့မည်ဖြစ်သဖြင့် ခုနစ်မိုင်ကျော်ခရီးတို သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အခုအသစ်ဖောက်မယ်ဆိုတဲ့လမ်းက အရင်မှောင်ခိုသွားတဲ့လမ်းကြောင်းကို လမ်းထပ်ခင်းတဲ့သဘောမျိုးပါပဲ။ လမ်းအူကြောင်းက အရင်ထော်လာဂျီကားတွေ အနီးစခန်းကနေ ကြာနီကန်အထိသွားတဲ့လမ်းပဲ၊ လမ်းဟောင်းထက် မိုင်၂၀ လောက်သက်သာမယ်။ လမ်းက မတ်စောက်တွေများတယ်” ဟု အဆိုပါလမ်းသစ်ဖောက်မည့်လမ်းကြောင်းကို သွားရောက်လေ့လာခဲ့သည့် မန္တလေးမြို့ခံ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

မန္တလေး- ပြင်ဦးလွင် လမ်းဖောက်မည်ဆိုသဖြင့် အဆိုပါလမ်းပိုင်းအတွင်းရှိ ပုသိမ်ကြီးမြို့နယ်နှင့် အနီးစခန်းအတွင်းရှိ လမ်းဘေးဝဲယာမြေများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၎င်းက ထပ်မံဆိုသည်။

ယင်းလမ်းမအကျယ်ကို ပေ ၄၀ ခန့်ခင်းရန် သစ်တောဦးစီးဌာနနှင့်မြေနေရာ ညှိနှိုင်းနေပြီး အဆိုပါလမ်းတည်ဆောက်မှုကာလ နှစ်နှစ်ခန့်ကြာနိုင်ကြောင်း ဝန်ကြီးဦးကျော်ဆန်းက ထပ်လောင်းပြောကြားသည်။

မန္တလေး- ပြင်ဦးလွင်လမ်းသစ်ဖောက်လုပ်ရာတွင် လမ်းကျယ်ကျယ်ဖြင့် တောင်တက်တောင်ဆင်းချောမွေ့ကာ လမ်းကောင်းရန်လိုအပ်ကြောင်း ပြည်ကြီးမင်္ဂလာအဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က အကြံပြုပြောကြားသည်။

လက်ရှိဖောက်လုပ်ထားသည့် မန္တလေး- ပြင်ဦးလွင် အတက်အဆင်းလမ်းပိုင်းတွင် တစ်ရက်လျှင် ကားကြီး၊ ကားသေး စုစုပေါင်းစီးရေ တစ်သောင်းနီးပါးပြေးဆွဲနေကြောင်း အဆိုပါလမ်းပိုင်း ကျောက်ချောတိုးဂိတ်၏ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်စာရင်းများအရ သိရသည်။

No comments: