ဝန်ကြီးဌာနများ၏ ရန်ပုံငွေ တင်ပြတောင်းခံမှုအချို့သည် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းမူဘောင်များကို ကျော်လွန်၍ တောင်းခံထားသည်ကို စိစစ်တွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော်အရ အသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ (၆) အဖွဲ့ဝင် ဦးစိုးအောင်နိုင်က ပြောကြားသည်။
ဒီဇင်ဘာ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏မူနှင့် အခြေခံသဘော အပါအ၀င် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးစဉ် ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရဌာနများမှ တင်ပြတောင်းခံလာသည့် စက်ပစ္စည်း၊ ယာဉ်ယန္တရားဝယ်ယူခြင်း ဘတ်ဂျက်များကို စိစစ်သည့်အခါ ရည်ညွှန်းအမျိုးအစားအလိုက် မော်ဒယ်၊ အသေးစိတ် ဖော်ပြချက်စသည်တို့နှင့် ယှဉ်တွဲဖော်ပြဈေးနှုန်းများ အဆမတန် ကွာဟများပြားနေသည်ကို တွေ့ရှိရကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းစာရင်း စိစစ်ရေးဌာနမှ တင်ပြတောင်းခံသည့် ဘတ်ဂျက် Review တွင် နိုင်ငံတော် အဆောင်အယောင် ယာဉ်များဝယ်ယူရန်အတွက် Brand New တိုယိုတာ၊ လင်ခရူဆာ ၂၀၁၆ မော်ဒယ် ၇၅ စီးလို့ပါရှိပြီး ယှဉ်တွဲဖော်ပြပါ ဈေးနှုန်းများကို ပူးပေါင်းကော်မတီက စိစစ်သည့်အခါတွင် ပြည်ထောင်စုလွှတ်တော်သို့ အမှန်တကယ်ဝယ်ယူရန် လျာထားတင်ပြ တောင်းခံချက်များတွင် ဖော်ပြမထားသည့် Lexus မော်ဒယ် ၂၅ စီး ပါဝင်နေသောကြောင့် ဈေးနှုန်းများကြီးမြင့်နေရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူက ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အဆိုပါ ဘတ်ဂျက်ကို စိစစ်ရေးကော်မတီက ခွင့်မပြုခဲ့သော်လည်း နောင်လာမည့် ဘတ်ဂျက်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ရည်ညွှန်းသတ်မှတ်ချက်နှင့် လျော်ညီသည့် ဈေးနှုန်းများကို တိတိကျကျရှင်းလင်းစွာ ဖော်ပြတောင်းခံစေလို့သည့်အတွက် ပြောကြားခြင်းဖြစ်ကြောင်း ဦးစိုးအောင်နိုင်က ပြောကြားသည်။
ထို့ပြင် ဗဟိုစက်ပစ္စည်း စာရင်းစိစစ်ရေး ဦးစီးဌာနမှ ဌာနအသီးသီးသို့ ချထားပေးသည့် ကားများ၏ ပြင်ဆင်စရိတ်တွင် ကားများကို အသုံးမပြုမီကပင် သာမန်ပြင်ဆင်စရိတ်၊ အကြီးစားပြင်ဆင်စရိတ် စသည်တို့ကို ထည့်သွင်းတောင်းခံထားသည်ကို တွေ့ရကြောင်း၊ သို့ရာတွင် ပြင်ဆင်ပြီးသော်လည်း အဆိုပါကားများသည် အမှန်တကယ် အသုံးမပြုနိုင်သဖြင့် အသုံးမချရဘဲ ၎င်းကားများအတွက် ရရှိသည့် ဆီခွဲတမ်းများကိုသာ ပေးနေရသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်များ၍ အမှန်တကယ် အသုံးမတည့်သည့်ကားများကို ချထားပေးမည့်အစား ဌာနဆိုင်ရာများမှ ယုံကြည်စိတ်ချစွာ အမှန်တကယ်အသုံးပြုပြီး အကြီးစားပြင်ဆင်စရိတ် ကုန်ကျမှုသက်သာမည့် ကားအသစ်များကို တင်သွင်းပြီး ဘတ်ဂျက်နှစ်အလိုက်၊ ၀န်ကြီးဌာနအလိုက် အစီးရေသတ်မှတ် ချထားပေးသင့်ကြောင်း အကြံပြုလိုကြောင်း ဦးစိုးအောင်နိုင်က ပြောကြားသည်။
“အချုပ်အားဖြင့်တင်ပြရပါမူ သက်ဆိုင်ရာ ၀န်ကြီးဌာနများရဲ့ ရန်ပုံငွေ တင်ပြတောင်းခံမှုတချို့မှာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း မူဘောင်များကို ကျော်လွန်ပြီး တင်ပြတောင်းခံမှုများရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ ထို့ကြောင့် လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း မူဘောင်များကို ကျော်လွန်ပြီး တင်ပြတောင်းခံလာသည့် ၀န်ကြီးဌာနများ၏ တောင်းခံမှုများကို သက်ဆိုင်ရာ စိစစ်ရေးပူးပေါင်းကော်မတီများ အနေဖြင့် ခွင့်မပြုသင့်ပါကြောင်းနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ အနေဖြင့်လည်း ဘတ်ဂျက်ခွင့်ပြုငွေများကို တင်ပြတောင်းခံရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း မူဘောင်များနှင့်အညီသာ တင်ပြတောင်းခံကြပါရန် အကြံပြုတိုက်တွန်းရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် အရအသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ (၆) အဖွဲ့ဝင် ဦးစိုးအောင်နိုင်က ပြောကြားသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏မူနှင့် အခြေခံသဘော အပါအ၀င် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ငါးဦးက ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံး အတည်ပြုခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်ရန် လျာထားကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ကြေညာသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလျံ အစိုးရအဖွဲ့က တင်ပြတောင်းခံထားပြီး ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၁၅ ဒသမ ၇၇၆ ဘီလျံ ဖြတ်တောက်၍ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၀၄၂ ဒသမ ၃၉၆ ဘီလျံ၊ ပြည်ပအကူအညီရငွေ၊ ချေးငွေတို့ဖြင့် ဆက်နွှယ်ထားသည့် အသုံးစရိတ် ကျပ် ၂၇၈ ဒသမ ၅၁၂ ဘီလျံနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများ၏ ထပ်မံလိုအပ်သည့် ကျပ် ၁၇ ဒသမ ၉၃ ဘီလျံ ခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည်။
Eleven Media Group
No comments:
Post a Comment