Tuesday, December 27, 2016

ကြားဖြတ်တွင် မဲဆန္ဒရှင် နှစ်သန်းကျော်ရှိဟု ကော်မရှင် ခန့်မှန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

လာမည့် ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစ်လပ် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင် စုစုပေါင်း ၂ ဒသမ ၂ သန်း ကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

လာမည့် ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းထုတ်ပြန်ရေး ဌာနတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အလိုက် တိုက်ဆိုင် စစ်ဆေးမှုများ ပြုလုပ်နေပြီး နောက်ဆုံးရ စာရင်းကို လာမည့် ဖေဖော်ဝါရီလတွင် ကြေညာသွားမည် ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုစုပေါင်း လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာအတွက် မဲဆန္ဒရှင် စာရင်းကို အိမ်တိုင်ရာရောက် ကောက်ခံသည့်စနစ်ကို စမ်းသပ်ထားပြီး ယင်းစနစ် အောင်မြင်မှု ရရှိပါက ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

“လက်ရှိ အိမ်တိုင်ရာရောက် စနစ်က မဲစာရင်း အမှန်ရရေးကို သွားတာလေ  အိမ်တိုင်ရာရောက်လည်း ရောက်တယ်လေ။ အဲဒီ အိမ်ထောင်စုမှာရှိတဲ့ တာဝန် ယူနိုင်တဲ့ ပုဂ္ဂိုလ်က တာဝန်ယူပြီးတော့ ဒီစာရင်း မှန်ပါတယ်လို့ ပြောထားတဲ့အတွက် သေဆုံးသူတွေ ဖျက်လို့ရသလို ၁၈ နှစ်ပြည့်ပြီးသူတွေ ထည့်လို့ရတယ်”ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန် တိုင်းဒေသကြီးတွင် လတ်တလော ကောက်ယူမှုအရ စုစုပေါင်း လစ်လပ် မဲဆန္ဒနယ် ငါးနေရာတွင် မဲဆန္ဒရှင် ကိုးသိန်း ရှစ်သောင်းကျော် ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးရဲမြင့်က ပြောကြားသည်။

“မဲဆန္ဒရှင် စာရင်းတွေကို ၂ဝ၁၅ ဒီဇင်ဘာ ၁၅ ရက်မှာ ကွန်ပျူတာထဲ ထည့်သွင်းပြီး ဖြစ်ပါတယ်။ မဲရုံအလိုက် မဲစာရင်းတွေကို မူကြမ်းတစ်စုံစီ ထည့်သွင်းပြီး  သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အလိုက် စိစစ်ပြီး အိမ်ထောင်စုတွေကို ကုတ်နံပါတ်နဲ့ မှန်ကန်မှု ရှိ၊ မရှိ စာရင်းကျန်ခဲ့မှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ဆိုသည်။

လာမည့် ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသား လွှတ်တော်တွင် သုံးနေရာ၊ ပြည်သူ့လွှတ်တော်တွင် ကိုးနေရာ၊ ပြည်နယ် လွှတ်တော်များတွင် ခြောက်နေရာ စုစုပေါင်း ၁၈ နေရာတွင် ကျင်းပရန် မူလက ကြေညာခဲ့သော်လည်း ရှမ်းပြည်နယ် ညောင်ရွှေ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကွယ်လွန်သွားသောကြောင့် စုစုပေါင်း ၁၉ နေရာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The voice

No comments: