Friday, December 30, 2016

ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးလျှင် ‘ဝ’ တပ်ဖွဲ့ကို သက်သေထားမည်ဟု မြောက်ပိုင်းတပ်ဖွဲ့ ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် ဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေများအပေါ် ငြိမ်းချမ်းရေးကော်မရှင်နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးလျှင် ‘ဝ’ တပ်ဖွဲ့ ခေါင်းဆောင်များကို သက်သေအဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်သည် ‘ဝ’ ၊ မိုင်းလား၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံရန် ‘ဝ’ ဒေသ မိုင်းလားသို့ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၃၁ ရက်အထိ ဆွေးနွေးရန် ‘ဝ’ ဒေသသို့ ရောက်ရှိလျက် ရှိသည်။

“ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ‘ဝ’ ကိုသက်သေအဖြစ် ထားရှိဖို့ ပြောဆိုထားပြီး ဖြစ်တယ်။ အဲဒါက ကျွန်တော်တို့ရဲ ရပ်တည်ချက်ပါ” ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေနှင့် ငြိမ်းချမ်းရေးကော်မရှင်နှင့် လက်ရှိ ဖြစ်ပေါ်နေသော တိုက်ပွဲများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို တွေ့ဆုံဆွေးနွေးလျှင် တစ်ဖွဲ့ချင်းခွဲ၍ သီးခြားတွေ့ဆုံခြင်းကို လုံးဝလက်ခံသွားရန် မရှိဘဲ လေးဖွဲ့အား တစ်ပြိုင်နက် တွေ့ဆုံခြင်းကိုသာ လက်ခံသွားမည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆိုသည်။

“မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တွေ့မယ်ဆိုရင် တစုတစည်းတည်း တွေ့မယ်။ အဲဒါက ကျွန်တော်တို့ ရပ်တည်ချက် ဖြစ်တယ်။ လေးဖွဲ့ တစ်ပြိုင်တည်း ပေါင်းတွေ့ဖို့ NRPC ကိုလည်း ပြောဆိုထားပြီး ဖြစ်တယ်” ဟု ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေ့ဆုံရန် ညှိနှိုင်းလျက်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံမှ သိရသည်။

“လောလောဆယ် ‘ဝ’ နဲ့ မိုင်းလားကို တွေ့ဖို့ရှိတယ်။ သူတို့ဘက်က တွေ့မယ်ဆိုလည်း တွေ့ဆုံသွားမှာပါ” ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောသည်။

မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု (TNLA၊ AA၊ MNDAA၊ KIA) သည် နိုဝင်ဘာလ၂၀ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်မတော်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်-မြန်မာ ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ခဲ့ကာ သွင်းကုန်ပို့ကုန်များ ရပ်ဆိုင်းခဲ့သည်။

အလားတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တပ်မတော် စစ်ရေးတင်းမာလျက် ရှိကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆိုသည်။

No comments: